ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၃၀၀၉ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၅၆ ယောက် အထိရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ COVID-19 ပြန့်ပွားမှုကိုထိန်းချုပ် နိုင်ဖို့ ဆောင်ရွက်နေကြပြီး သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို မလိုက်နာသူတွေအတွက် ပြစ်ဒဏ်တွေ ချမှတ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ပတ္တရားကမ်းခြေမှာ ရေဆင်းကူး ကြတဲ့ နိုင်ငံခြားသားခရီးသွား ၃ ယောက်ကို စည်းကမ်းဖောက်ဖျက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသားခရီးသွား ၃ ယောက်ဟာ ယူကရိန်းနိုင်ငံက အမျိုးသား ၁ ယောက်နဲ့ ရုရှားနိုင်ငံက အမျိုးသမီး ၂ ယောက်ပါ။
ပတ္တရားမြို့တော်၊ စည်ပင်သာယာရေးဦးစီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ Athiwat Yungklang က ကမ်းခြေပိတ်သိမ်းကြောင်း စတင်ကြေညာခဲ့တဲ့ ပထမဆုံးနေ့မှာပဲ အာရှဟိုတယ် နောက်ဘက်မှာ ရေကူးနေကြတဲ့ နိုင်ငံခြားသား ခရီးသွား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။ COVID- 19 ပြန့်ပွားနေမှုကြောင့် ထိုင်းနိုင်ငံရဲ့ ကမ်းခြေတော်တော်များများကို ပိတ်ထားရပါတယ်။
ပြည်နယ်အစိုးရရဲ့ အရေးပေါ်ကြေညာချက်အရ ထိုင်းနိုင်ငံရဲ့ ကမ်းခြေတွေမှာ ရေကူးခွင့် မပြုတော့သလို တားမြစ်ချက်ကို ဖောက်ဖျက်သူတွေ အနေနဲ့ ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၁ သိန်း ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။
ပတ္တရားမြို့တော်အနေနဲ့ နေရာ ၈ နေရာက ကမ်းခြေတွေကို မေလ ၉ ရက်နေ့ကနေ့ မေလ ၃၁ ရက်နေ့အထိ ပိတ်ထားဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ကြေညာချက် ထုတ်ပြန်ရတာကလည်း COVID-19 ကူးစက်ပြန့်ပွားမှုကို တစိတ်တဒေသ ထိန်းချုပ်နိုင်ဖို့ အတွက်ပါ။
ပတ္တရား စည်ပင်သာယာရေးဦးစီးဌာနရဲ့တာဝန်ရှိသူကတော့ ကမ်းခြေကို ရောက်ရှိနေကြသူတွေဟာ ကျောက်ခင်းလမ်းတလျှောက်မှာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ကြပေမယ့် ကမ်းခြေကိုတော့ သွားရောက်ခွင့် မပြုဘူးလို့ ဆိုပါတယ်။
ကမ်းခြေမှာ ရေကူးတာကို ခွင့်မပြုတဲ့အပြင် ကမ်းခြေတလျှောက်မှာ စားသောက်နေတာမျိုးနဲ့ တခြားအပြုအမူတွေ ပြုလုပ်နေတာမျိုးတွေကိုလည်း ခွင့်မပြုထားဘူးလို့ သိရပါတယ်။
ပတ္တရားကမ်းခြေဟာ နိုင်ငံခြားသားခရီးသွားတွေ သဘောကျနှစ်ခြိုက်တဲ့ နေရာ တနေရာပါ။ ဒါကြောင့်လည်း ပတ္တရားကမ်းခြေကို နိုင်ငံခြားသား ခရီးသွားတွေက ပြန်လည်ဖွင့်ပေးစေလိုတဲ့ ဆန္ဒ ရှိ ကြပါတယ်။ တကယ်တော့ ပတ္တရားကမ်းခြေကို ပြန်လည်ဖွင့်စေချင်နေသူတွေထဲမှာ အိမ်ရာမဲ့တွေလည်း ပါဝင်ပါတယ်။
COVID-19 ကပ်ရောဂါဆိုးကြီးကျရောက်လာပြီးနောက်ပိုင်း ပတ္တရားကမ်းခြေမှာနေထိုင်ကြတဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် အခက်အခဲ ရှိလာခဲ့ပါတယ်။ အိမ်ခြေရာမဲ့တယောက်ဖြစ်တဲ့ Somkid ဆိုတဲ့ အမျိုးသားတယောက်ကလည်း ပတ္တရားကမ်းခြေမှာ ဆက်လက် နေထိုင်လို့ မရတော့ဘူးလို့ ပြောပါတယ်။
ပတ္တရားကမ်းခြေကို မပိတ်ခင်ကာလတုန်းကတော့ Somkid တယောက် ထန်းပင်တွေ အောက်မှာနဲ့ ကြယ်တွေစုံတဲ့ ကောင်းကင်အောက်မှာ အိပ်ခဲ့ရဖူးပေမယ့် ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူလည်း COVID-19 ကူးစက်ခံရမှာကို ထိတ်လန့်နေပါတယ်။
သူနဲ့တွေ့တဲ့ လူတချို့က သူ့ကို အစားအသောက်အပြင် Mask တွေလည်း ပေးသွားကြတယ်လို့ ပြောပါတယ်။ ပတ္တရားကမ်းခြေ ပြန်ဖွင့်ခဲ့ရင်တော့ သူ့ဘဝဟာ အရင်ကလိုပဲ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ Somkid တယောက် ယုံကြည်နေပါတယ်။
Ref: chiangraitimes