Trend

လက်ဆုပ်လက်ကိုင် ငွေကြေး မရှိတဲ့ သန်းကြွယ်သူဌေး အီလွန်မာ့စ်

Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အီလွန်မာ့စ်ဟာ စာရွက်စာတမ်းတွေမှာတော့ ငွေကြေး အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံ ရှိတယ်ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ငွေကြေး မရှိတာကြောင့် ကျန်ရစ်နေတဲ့ အကြွေးများကို ပေးဆပ်ဖို့ သူ့ရဲ့ တန်ဖိုးကြီးပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ အိမ်များကို ရောင်းချဖို့ ရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။

ဒီထူးခြားတဲ့ ကြေညာမှုကို မေလ ၁ ရက်နေ့က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ “ကျနော့်ရဲ့ ပိုင်ဆိုင်မှု အားလုံးနီးပါးကို ရောင်းချသွားဖို့ ရှိနေပါတယ်။ နေအိမ်အားလုံးကိုလည်း ရောင်းသွားမှာပါ”လို့ တင်ထားတာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုတွေကို ရောင်းချမယ့် အကြောင်းနဲ့ ပတ်သက်ပြီး The Wall Street စီးပွားရေးဂျာနယ်က အင်တာဗျူးတဲ့ အခါမှာတော့ အီလွန်မာ့စ်က ကယ်လီဖိုးနီးယားမှာရှိတဲ့ နေအိမ် ၃ သုံးလုံးကို ရောင်းချသွားမှာ ဖြစ်ပြီး Los Angeles မြို့က သူဌေးရပ်ကွက်ဖြစ်တဲ့ Bel-Air က နေအိမ် ၄ လုံးကိုလည်း ရောင်းချသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ဘယ်မှာ နေဖြစ်မယ်ဆိုတာတော့ ကျနော်သေချာ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ အိမ်ခပ်သေးသေးတလုံး ငှားနေသွားဖို့တော့ ရှိနေပါတယ်”လို့ အီလွန်မာ့စ်က ဖြေကြားခဲ့ပါတယ်။

မကြာသေးခင်ကမှ ကလေးရရှိထားတဲ့ အသက် ၄၈ နှစ်အရွယ် သန်းကြွယ်သူဌေးဟာ ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ချိန်တွေ စတင်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အီလွန်မာ့စ်ဟာ ငွေကြေးပြတ်တောက်မှုတွေ ဖြစ်ခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။

အင်တာဗျူးကို ဖြေကြားတဲ့ အီးမေးလ်မှာတော့ အီလွန်မာ့စ်က “ကျနော့်အနေနဲ့ အခုလို ရောင်းချတာဟာ ပိုက်ဆံ လုံးဝ မရှိလို့ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ကျနော့်ဘဝကို အေးချမ်းတဲ့ ပုံစံနဲ့ ဖြတ်သန်းချင်လို့ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို လျှော့ချချင်တဲ့ သဘောပါ။ တကယ်လို့ တချို့တွေက အိမ်အကြီးကြီးတွေ ဆောက်ပြီး နေရတာ ကြိုက်ရင်တော့ တမျိုးပေါ့။ ကျနော်က မနေချင်လို့ပါ”လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။

သန်းကြွယ်သူဌေးဖြစ်တဲ့ အီလွန်မာ့စ်အနေနဲ့ အမှန်တကယ်ပဲ ငွေကြေးကြွယ်ဝမှု မရှိတာ့လား ဆိုတဲ့ မေးခွန်းတွေလည်း လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

Ref. Bangkok Post

You may also like these stories:

ပတ္တရားကမ်းခြေမှာ ရေဆင်းကူးတဲ့ ခရီးသွားများ ဖမ်းဆီးခံရ

တရုတ်နဲ့တောင်ကိုရီးယားခရီးသွားများ တင်းကျပ်တဲ့ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခံနေရ

ကိုယ်ပိုင် မှန်လုံခန်းငယ်လေးတွေနဲ့ နယ်သာလန်က စားသောက်ဆိုင်

Loading