Trend

ဗြိတိန်မှာ အဆင့်လိုက် Lockdown ဖြေလျှော့မည်

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်မှာ Lockdown အစီအမံအရ ပိတ်ထားခဲ့တဲ့ ကျောင်းများနဲ့ ဈေးဆိုင်များကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်ပြီး COVID-19 ကူးစက်မှုနှုန်း လျော့ကျနေသရွေ့ ဖွင့်ထားမယ်လို့ သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တနိုင်ငံလုံး Lockdown ပိတ်ပင်ကန့်သတ်မှုများ အဆင့်လိုက် ဖြေလျှော့မယ့် အစီအစဉ်ကို မေ ၁၀ ရက်နေ့မှာ ရုပ်မြင်သံကြားမှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုင်ငံမှာ နောက်ထပ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် ပြည်ပမှ ဗြိတိန်သို့ ရောက်ရှိလာသူများကို အသွားအလာကန့်သတ် နေထိုင်ရမယ့် အစီအစဉ်ကိုလည်း ဘောရစ်ဂျွန်ဆင်က ထည့်သွင်း ကြေညာခဲ့ပါတယ်။

COVID-19 ကူးစက်မှုတွေ ဆိုးရွားခဲ့တဲ့ ဗြိတိန်မှာ ပြည်သူများကို အိမ်မှာပဲ နေဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ဟာ ရက်သတ္တပတ် ၇ ပတ် ကြာမြင့်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်လည်း COVID-19 ကူးစက်ခံခဲ့ရမှုကြောင့် တပတ်ကြာ ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူခဲ့ရပါတယ်။

“ဒီအပတ်မှာ Lockdown အဆုံးသတ်ဖို့ အချိန်မကျသေးပါဘူး”လို့ အသက် ၅၅ နှစ်အရွယ် ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ အခြေအနေပေါ်မူတည်ပြီး Lockdown အစီအမံများ ဖြေလျှော့သွားမယ့် အစီအစဉ်တွေကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခု ရက်သတ္တပတ်ကစပြီး နေအိမ်ကနေ လုပ်လို့ မရနိုင်တဲ့ ထုတ်လုပ်ရေး သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်သူများ လုပ်ငန်းခွင်ကို ပြန်သွားနိုင်မယ်လို့ ဆိုပါတယ်။ မေလ ၁၃ ရက်နေ့ကစပြီး နေအိမ်ပြင်ပ လေ့ကျင့်ခန်းလုပ်မှုကို အကန့်အသတ် မရှိ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဂေါက်သီးရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်းကဲ့သို့ အားကစားတွေကို ပြန်လုပ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ဒုတိယအဆင့် Lockdown ဖြေလျှော့မှုမှာတော့ နေ့ကလေးထိန်းကျောင်းတွေနဲ့ အသက် ၁၁ နှစ်အထိ ကလေးတွေကို ဇွန် ၁ ရက်နေ့ကစပြီး ကျောင်းပြန်တက်ခွင့် ပြုတာတွေ ပါဝင်တယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာပါတယ်။ ပြည်ပနိုင်ငံများမှ ဗြိတိန်သို့ ရောက်ရှိလာသူတွေ အသွားအလာ ကန့်သတ်နေထိုင်ရမယ့် အစီအစဉ်ကို ဘောရစ်ဂျွန်ဆင်က အသေးစိတ် ပြောခဲ့ခြင်း မရှိပါဘူး။

ဗြိတိန်ဟာ ဥရောပမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနဲ့ တကမ္ဘာလုံးမှာ အမေရိကန်ပြီးရင် ဒုတိယ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်နေပါတယ်။ မေလ ၁၁ ရက်နေ့ မနက်ပိုင်းအထိ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၂၂၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၁,၈၅၅ ဦး ရှိတယ်လို့ သိရပါတယ်။

Ref. Reuters, Dailymail

You may also like these stories:

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၄ သန်း ကျော်ပြီ

Lockdown ကာလအတွင်း နယူးဇီလန်မှာ ကားအစီး ၁၀၀ နီးပါး အခိုးခံခဲ့ရ

COVID-19 ကြောင့် ဥရောပမှာ လူသေဆုံးမှု အများဆုံးဖြစ်လာတဲ့ ဗြိတိန်နိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading