ဗီယက်နမ်နိုင်ငံ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စီးပွားဖြစ်လုပ်ကိုင်နေကြတဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း အားလုံးကို ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှုပေးနိုင်ဖို့ ခွင့်ပြုလိုက်ပါတယ်။
အခုလို ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့် ပြုလိုက်ရတဲ့ အကြောင်းကတော့ COVID-19 ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေကို တဖြည်းဖြည်း ပြန်လည် စတင်ဖို့ အတွက်ပါ။
ကန့်သတ်ချက်တွေ ရုတ်သိမ်းပြီးနောက်ပိုင်း မတ်လ ၉ ရက်နေ့ကစတင်ပြီး အများသုံးဘတ်စ်ကား၊ တက္ကစီ၊ ရထား၊ လေယာဉ်၊ သင်္ဘော စတဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို COVID-19 မပြန့်ပွားခင်အချိန်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း ပြန်လည်လုပ်ဆောင်ခွင့် ပြုလိုက်ပါတယ်။
အခု ညွှန်ကြားချက်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ညွှန်ကြားချက်နဲ့အညီဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်သူ Le Anh Tuan ကပြောပါတယ်။
အများပြည်သူအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်လည်ပတ်ဖို့ ခွင့်ပြု လိုက်ပေမယ့် ယာဉ်ပေါ်လိုက်ပါလာသူတွေနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေအားလုံး နှာခေါင်းစည်းတပ်ရမှာဖြစ်သလို လက်သန့်ဆေးတွေကိုလည်း ယာဉ်ပေါ်မှာ တပါတည်းထားပေးရမှာ ဖြစ်ပါတယ်။ COVID-19 ကာလမှာ နှာခေါင်းစည်းတပ်ဖို့နဲ့ လက်ဆေးဖို့က အရေးကြီးပါတယ်။
ဒါကြောင့်လည်း အများသုံးယာဉ်တွေကိုအသုံးပြုကြသူတွေအနေနဲ့ ယာဉ်ပေါ် မတက်ခင်နဲ့ ယာဉ်ပေါ်ကဆင်းတဲ့ အချိန်တွေမှာ လက်ကို သေသေချာချာ ဆေးကြောရမယ်လို့ ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။
အများသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့် မပြုခင် တရက်အလို မတ်လ ၈ ရက်နေ့မှာပဲ အရင်က သတ်မှတ်ထားတဲ့ တဦးနဲ့ တဦး ၁ မီတာ (၃ ပေ) အကွာမှာ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဖယ်ရှားခဲ့သလို ထိုင်ခုံ တခုံခြားပြီး လိုက်ပါစီးနင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ဖယ်ရှားခဲ့ပါတယ်။
ဧပြီလအစောပိုင်းတုန်းကတော့ ဗီယက်နမ် သယ်ယူပို့ဆောင်ရေးဝန်ကြီဌာနအနေနဲ့ လေယာဉ်နဲ့ ရထားခရီးစဉ်တွေကို အကန့်အသတ်နဲ့ နေ့စဉ် ထွက်ခွင့်ပြုခဲ့ပေမယ့် မော်တော်ယာဉ် ခရီးစဉ်တွေကိုတော့တားမြစ်ခဲ့ပါတယ်။ ဧပြီလကုန်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗီယက်နမ်အစိုးရက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးကို ပုံမှန်လည်ပတ်ခွင့် ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ၂၀၁၉၊ ဒီဇင်ဘာလကစတင်ဖြစ်ခဲ့တဲ့ COVID-19 ကြောင့် လက်ရှိ အချိန်အထိ လူပေါင်း ၂၈၇,၃၃၆ ယောက်သေဆုံးခဲ့ပြီး ၄၂ သိန်းကျော် ရောဂါကူးစက်ခံနေရပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၂၈၈ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ပြန်လည်ကျန်းမာလာသူ ၂၄၉ ယောက် ရှိခဲ့ပါတယ်။ COVID-19 ကြောင့် ဗီယက်နမ်နိုင်ငံမှာ လူသေဆုံးမှု မရှိခဲ့ပါဘူး။
Ref: vietnaminsider
You may also like these stories:
မလေးရှားရှိ ရွှေ့ပြောင်းလုပ်သား အားလုံး COVID-19 စစ်ဆေးမည်
ကိုဗစ်ကြောင့် US မှာ သေဆုံးသူ ၁ သိန်းကျော်နိုင်တယ်လို့ သမ္မတထရမ့် ခန့်မှန်း
COVID-19 ရောဂါကို ဆွီဒင် ဘယ်လို ထိန်းချုပ်လဲ