ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေး ပိတ်ပင်ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီး မူကြိုနဲ့ မူလတန်းကျောင်းများ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အခြား စာသင်ကျောင်းတွေကို တစိတ်တပိုင်း ပြန်ဖွင့်ခွင့်ပြုခဲ့ပြီးနောက် အခုအခါ မူကြိုနဲ့ မူလတန်းကျောင်းများ ပြန်ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ၁ လနီးပါးကြား ကူးစက်မှု မတွေ့ရတော့တာကြောင့် ဒေသတွင်း နိုင်ငံအများစုထက်စောပြီး ပုံမှန်သွားလာလှုပ်ရှားမှုတွေ ပြန်စတင်တော့မယ်လို့ ဆိုပါတယ်။
မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ဗီယက်နမ်မှာ COVID-19 အတည်ပြုလူနာ ၂၈၈ ဦး တွေ့ရှိခဲ့ပြီး ၂၄၉ ဦး ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ စာသင်ကျောင်းအများစုက COVID-19 မဖြစ်ပွားမီကထက် စာသင်ချိန်လျှော့ချထားကြောင်းလည်း သိရပါတယ်။
“လက်သန့်စင်ဆေးရည်သုံးဖို့နဲ့ တယောက်နဲ့ တယောက် မထိတွေ့ဖို့ ဆရာမတွေက မှာထားပါတယ် ” လို့ ဟနွိုင်းမြို့တော်ရှိ မူလတန်းကျောင်းက ကျောင်းသားလေး Vu Tuan Phong က ပြောပါတယ်။
“အစိုးရကရော ကျောင်းတွေကရော ကလေးတွေ ကျောင်းမှာ ဘေးကင်းလုံခြုံပြီး မိဘတွေ စိတ်အေးအေးနဲ့ အလုပ်သွားနိုင်ဖို့ လိုအပ်တဲ့ စီမံဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ ကျမ အပါအဝင် မိဘတွေက ယုံကြည်ပါတယ်”လို့ အသက် ၂၉ နှစ်အရွယ် Ngoc Anh ဆိုသူမိခင်တဦးက Reuters သတင်းဌာနကို ပြောပါတယ်။
“အခုဆိုရင် ဗီယက်နမ်မှာ COVID-19 အန္တရာယ်က လျော့နည်းနေပါပြီ။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ သတိဝီရိယရှိနေဖို့ လိုပါတယ်”လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ပြည်သူများကို ပြောခဲ့ပါတယ်။
ဗီယက်နမ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ခွင့်ပြုခြင်းဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ရုပ်သိမ်းမှု နောက်ဆုံး အဆင့်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာ စီးပွားဖြစ်လေကြောင်းခရီးစဉ်များ၊ ကလပ်နဲ့ ကာရာအိုကေတွေကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Ref. Reuters,AFP
You may also like these stories:
နိုင်ဂျီးရီးယားမှာ Lockdown အမိန့် ချိုးဖောက်တာကြောင့် ဟိုတယ် ၂ လုံး ဖြိုချ
ဗီယက်နမ်ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အခြေအနေ ပြန်ရောက်လာ
ဗြိတိန်မှာ အဆင့်လိုက် Lockdown ဖြေလျှော့မည်