Trend

ပြည်တော်ပြန်တွေကြောင့် COVID-19 လှိုင်းအသစ် ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှား

Want create site? Find Free WordPress Themes and plugins.

နိုင်ငံအများစုမှာ တင်းကျပ်တဲ့ Lockdown ပေါ်လစီတွေ ချမှတ်ထားပေမယ့် မေလ ၁၁ ရက်နေ့အထိ ပြည်ပနိုင်ငံတွေကနေ အင်ဒိုနီးရှားနိုင်ငံသား ၉ သောင်း နီးပါး ပြန်လာကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Retno Marsudi ကလည်း မတ်လ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံသား ၈၉,၅၉၉ ယောက် ပြည်ပကနေ ပြန်လာခဲ့တယ်လို့ ပြောပါတယ်။

ပြည်ပကနေ ပြန်လာသူ အများစုဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံ သားတွေဖြစ်ပြီး စုစုပေါင်း ၇၂,၉၆၆ ယောက် မလေးရှားနိုင်ငံကနေ ပြန်လာခဲ့ကြပါတယ်။

ပြန်လာကြသူ အများစုဟာ ဇွန်လ ၉ ရက်နေ့ အထိ သက်ရောက်မယ့် မလေးရှားနိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေး အမိန့်ကြောင့် ဖြစ်ပါတယ်။ဒီအမိန့်ဟာ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး မလေးရှား အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ အီဂျစ် စတဲ့ နိုင်ငံတွေကို ရောက်ရှိနေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အီဂျစ် နဲ့ အိုမန်နိုင်ငံကို ရောက်ရှိနေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ပြန်လာဖို့ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ နိုင်ငံသားတွေလည်း မေလ ၁၁ ရက်နေ့က အင်ဒိုနီးရှားကို ပြန်ရောက်လာခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၄၀၀ နီးပါးကိုလည်း မလေးရှားအစိုးရ အစီအစဉ်နဲ့ မေလ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှားအစိုးရအစီအစဉ်နဲ့ မလေးရှားလေကြောင်းလိုင်း စင်းလုံးငှားအထူးလေယာဉ် ၂ စီးနဲ့ မြန်မာနိုင်ငံကိုပြန်ပို့ပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ ၂၁ ရက် Quarantine ထားပြီး စောင့်ကြည့် သွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကတော့ လက်ရှိအချိန်အထိ ဇာတိမြေ မပြန်နိုင်သေးဘဲ အိန္ဒိယနိုင်ငံမှာ သောင်တင်နေကြပြီး အများစုကတော့ အစ္စလာမ် သာသနာပြုလှုပ်ရှားရေးအဖွဲ့ ဖြစ်တဲ့ Tablight Jamaat အသင်းဝင်တွေပဲ ဖြစ်ကြပါတယ်။

အင်ဒိုနီးရှား အစိုးရအနေနဲ့ အိန္ဒိယမှာ သောင်တင်နေတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်း ရှာဖွေနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ Lockdown တင်း တင်းကျပ်ကျပ် လုပ်ဆောင်နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပရောက် အင်ဒိုနီးရှားနိုင်ငံသား ၇၃၄ ယောက် ရောဂါ ကူးစက်ခံနေသလို ၃၇၀ ယောက် ကျန်းမာရေးပြန်ကောင်းမွန်လာပြီး ၄၁ ယောက်သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ ပြည်ပကပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၃၀၀ နီးပါး ဆေးကုသမှု ခံယူနေကြရပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အင်ဒိုနီးရှားနိုင်ငံဟာ ရောဂါကူးစက်ခံထားရတဲ့ ပြည်တော်ပြန်တွေကြောင့် COVID-19 လှိုင်းအသစ်နဲ့ မျက်နှာချင်းဆိုင်နေရပြီလို့ ပြောကြားခဲ့ပါတယ်။

အငိဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၁၄,၂၅၆ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၉၉၁ ယောက် အထိ ရှိသွားပါပြီ။

Ref: thejakartapost, VOA

You may also like these stories:

COVID-19 ကူးစက်မှု လျော့သွားတာကြောင့် ဗီယက်နမ်မှာ ကျောင်းများ ပြန်ဖွင့်ပြီ

နိုင်ဂျီးရီးယားမှာ Lockdown အမိန့် ချိုးဖောက်တာကြောင့် ဟိုတယ် ၂ လုံး ဖြိုချ

ဗီယက်နမ်ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အခြေအနေ ပြန်ရောက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading