Twitter ကုမ္ပဏီက ဝန်ထမ်းတွေကို ဆန္ဒရှိတယ်ဆိုရင် အိမ်ကနေ Work from home အမြဲတမ်း လုပ်ခွင့်ပြုလိုက်တယ်လို့ မေလ ၁၂ ရက်နေ့က CEO Jack Dorsey က ပြောလိုက်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ကင်းစင်သွားချိန်မှာတောင် အိမ်ကနေ အလုပ်လုပ်ဖို့ ဆန္ဒရှိသူတွေကို ခွင့်ပြုတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကြောင့် ပိတ်ထားတဲ့ ရုံးခန်းကို အခြေအနေပေါ် မူတည်ပြီး စက်တင်ဘာလောက်မှာ စိတ်ချရတဲ့ အခြေအနေရောက်ရင် ပြန်ဖွင့်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း အိမ်ကနေပဲ ဆက်အလုပ်လုပ်ချင်တဲ့ ဝန်ထမ်းတွေကိုလည်း ခွင့်ပြုမယ်လို့ ဆိုပါတယ်။
“ကျမတို့ ဝန်ထမ်းတွေကို အိမ်ကနေမှ မဟုတ်ဘူး။ ဘယ်နေရာကဖြစ်ဖြစ် လုပ်ငန်းစွမ်းဆောင်ရည်ကောင်းကောင်း ရအောင် ထောက်ပံ့ကူညီနိုင်ပါတယ်။ အရင်လတွေကို ပြန်ကြည့်ရင် ကျမတို့ လုပ်နိုင်ခဲ့တာ တွေ့ရမှာပါ”
“သူတို့ လုပ်ရမယ့်အလုပ်နဲ့ အခြေအနေက အိမ်ကနေလည်း အလုပ်ဖြစ်တယ်ဆိုရင် အိမ်မှာပဲ ဆက်လုပ်သွားလို့ ရပါတယ်။ ရုံးလာတက်ပြီး လုပ်ချင်တယ်ဆိုလည်း အမြဲတမ်း ကြိုဆိုနေမှာပါ။ ရုံးမှာလည်း ကျန်းမာရေး အတွက် စိတ်ချရတဲ့အခြေအနေဖြစ်အောင် အကုန်ပြင်ဆင်ထားတယ်” လို့ Twitter မှ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်အမျိုးသမီးတဦးက ဆိုပါတယ်။
Twitter ရုံးခန်းကိုလည်း ပေါ်လစီအသစ်တွေချမှတ်ပြီး Social distancing စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကာ ကပ်ရောဂါအလွန် အခြေအနေမှာ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ စဉ်းစားနေပြီလို့ ဆိုပါတယ်။
တခြား နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Microsoft, Google တို့ကလည်း အိမ်ကနေ Work from home အလုပ်ပုံစံ ပြောင်းလိုက်ပြီးနောက် ဝန်ထမ်းတွေကို ရုံးခန်းမှာ ပြန်အလုပ်လုပ်နိုင်ဖို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။
Google ကတော့ ဝန်ထမ်းအများစုကို Work from home လုပ်ဖို့ ၂၀၂၁ ထိ ပေးထားသော်လည်း တချို့ကတော့ နွေရာသီ အစပိုင်းလောက်မှာတင် ရုံးကို ပြန်လာရဖို့ ရှိပါတယ်။ Facebook ကလည်း ရုံးခန်းတွေကို ဇူလိုင် ၄ ရက် မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပြီး အိမ်ကနေပဲ အလုပ်လုပ်လို့ရတဲ့ ဝန်ထမ်းတွေကတော့ နောက်နှစ် ၂၀၂၁ ထိ Work from home လုပ်ခွင့် ပေးထားပါတယ်။
လက်ရှိချိန်မှာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တချို့မှာ ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျော့လာသလို Twitter, Facebook, Google တို့ အခြေစိုက်ရုံးရှိရာ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း စီးပွားရေးလုပ်ငန်း တချို့ ပြန်လည် လည်ပတ်ခွင့်ပြုထားပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၁,၄၀၈,၆၃၆ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၂၉၂,၈၉၃ ဦးနဲ့ ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။
Ref: NBC News