တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘဲ ဒီကနေ့အချိန်ထိ ရောဂါ ကူးစက်ခံရတဲ့ လူနာအသစ်တွေ ထပ်မံတွေ့ရှိနေပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ လူနာအသစ် တွေ့ရှိထားတဲ့ ဒေသတွေကို ခရီးမသွားကြဖို့ ကန့်သတ်ချက်တွေ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း ဝူဟန်မြို့မှာ ရောဂါကူးစက်ခံထားရတဲ့ လူနာအသစ် ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေကနေ လွတ်မြောက်သွားကြတဲ့ တရုတ်လူမျိုးတွေဟာ နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာနေကြတဲ့အတွက် ရောဂါကူးစက်မှုတွေ ထပ်ပြီး ရှိလာနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
တရုတ်အစိုးရက ဧပြီ ၈ ရက်နေ့မှာပဲ ဝူဟန်မြို့ ရဲ့ Lockdown ကာလကို အဆုံးသတ်ခဲ့ပါတယ်။ Lockdown ကာလ အဆုံးသတ်ပြီးတဲ့နောက် ၁ လအကြာ မေလ ၁၁ ရက်နေ့မှာပဲ လူနာသစ်တွေကိုထပ်မံ တွေ့ရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရုရှားနဲ့မြောက်ကိုရီးယားနယ်စပ်အနီးက Jilin ပြည်နယ်၊ Shulan မြို့မှာလည်း ရောဂါကူးစက်ခံထားရသူ ၁၁ ယောက် တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံနေရတဲ့ လူနာသစ် ၃၄ ယောက် ရှိသွားပါပြီ။
Shulan မြို့ကိုလည်း ကျန်းမာရေးလုံခြုံ မှုအတွက် အဆင့်တိုးမြှင့်ထားလိုက်ပြီး လူတွေအားလုံး အိမ်ထဲမှာပဲ နေကြဖို့၊ မရှိမဖြစ် ရိက္ခာတွေ ဝယ်ယူတဲ့အခါမှာလည်း တမိသားစုကို လူတယောက်သာ အပြင်ထွက်ကြဖို့၊ အများသုံးသယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ နဲ့ ခရီးသည်တင်ကားတွေ မြို့ထဲကနေ အပြင်မထွက်ဖို့ စတဲ့ ကန့်သတ်ချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ပြီဖြစ်ပြီး Shulan မြို့ကိုလည်း Lockdown ချထားလိုက်ပါပြီ။ ရောဂါကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၃၆၇ ယောက်ကိုလည်း သီးခြားခွဲထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) ကလည်း ရောဂါကူးစက်ခံရသူ အများစုဟာ ဒေသ တွင်း ကူးစက်ခံရသူတွေဖြစ်ကြပြီး မိသားစုဝင်တွေ အချင်းချင်း ပြန်လည် ကူးစက်တာဖြစ်တယ်လို့ ပြောပါတယ်။
Liaoning ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Shenyang မှာလည်း COVID-19 ကူးစက်ခံထားရတဲ့ အသက် ၂၇ အရွယ် အတည်ပြုလူနာတယောက် ရှိနေပြီး သူဟာ မေလ ၅ ရက်နေ့က Jilin ပြည်နယ်ကို သွား ရောက်လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက Jilin ပြည်နယ်ကို ခရီးသွားခွင့် ပိတ်ပင်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့တွေမှာ COVID-19 ကူးစက်ခံရသူ လူနာအသစ်တွေ ထပ်မံ တွေ့ရှိလာတဲ့အတွက် နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်လာမှာကို လူတွေ ထိတ်လန့်နေကြပါတယ်။
Ref: BBC, xinhuanet, malaymail
You may also like these stories:
ပြည်တော်ပြန်တွေကြောင့် COVID-19 လှိုင်းအသစ် ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှား
COVID-19 ကူးစက်မှု လျော့သွားတာကြောင့် ဗီယက်နမ်မှာ ကျောင်းများ ပြန်ဖွင့်ပြီ
နိုင်ဂျီးရီးယားမှာ Lockdown အမိန့် ချိုးဖောက်တာကြောင့် ဟိုတယ် ၂ လုံး ဖြိုချ