ရုရှားဆေးရုံ မီးလောင်မှုမှာ COVID-19 လူနာများ သေဆုံး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ ဆေးရုံ မီးလောင်မှုအတွင်း အထူးကြပ်မတ်ကုသဆောင်ထဲမှ COVID-19 လူနာ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၂ ရက်နေ့ မနက် ဒေသစံတော်ချိန် ၆ နာရီခွဲဝန်းကျင်က စိန့်ပီတာစဘတ်မြို့မှာ ရှိတဲ့ Saint George ဆေးရုံမှာ အသက်ရှူစက်တခု ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ရုရှားသတင်းဌာနက RT က ဖော်ပြထားပါတယ်။
အဲဒီဆေးရုံဟာ COVID-19 လူနာတွေကို ကုသပေးရန် သတ်မှတ်ထားတဲ့ ဆေးရုံဖြစ်ပြီး မီးလောင်မှုအတွင်း လူ ၁၅၀ ကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဆေးရုံရဲ့ ၆ ထပ်နေရာမှ မီးခိုးများထွက်နေတာ တွေ့ခဲ့ရပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရသူ မည်မျှရှိကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ရေးသားဖော်ပြထားပါတယ်။
ဆေးရုံမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အထူးကြပ်မတ်ကုသဆောင်မှ COVID-19 လူနာအားလုံးဟာ အသက်ရှူစက် တပ်ဆင်ထားရသူတွေလည်း ဖြစ်ပါတယ်။
“အသက်ရှူစက်တွေ အလုပ်လုပ်တာက သူတို့ရဲ့ အကန့်အသတ်တွေ ရှိပါတယ်။ ကနဦး စစ်ဆေးတွေ့ရှိမှုတွေအရတော့ မတန်တဆ လုပ်ဆောင်မှုကနေ မီးထလောင်ခဲ့တာပါ။ ဒါက မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်”လို့ စိန့်ပီတာစဘတ် အရေးပေါ်ဌာနရဲ့ သတင်းရင်းမြစ်တခုက Interfax သတင်းဌာနကို ပြောပါတယ်။
ရုရှားသတင်းဝက်ဘ်ဆိုက် NTV ရဲ့ အဆိုအရ မီးလောင်မှုဟာ ဆေးရုံရဲ့ အခြား အဆောင်တွေကို ကူးစက်ခဲ့ခြင်း မရှိဘဲ COVID-19 လူနာတွေ ထားရှိတဲ့ ၆ ထပ်ရှိ အဆောင်ငယ် တခုမှာသာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဝါယာရှော့ခ်မှ အသက်ရှူစက်တခု ပေါက်ကွဲခဲ့ကြောင်းနဲ့ အဆောင်တခုလုံး မီးခိုးများပြည့်သွားခဲ့ပြီး လူနာတွေ အသက်ရှူကျပ်ခဲ့ကြကြောင်း ဆရာဝန်တွေပြောဆိုချက်ကို ကိုးကားပြီး NTV က ဖော်ပြပါတယ်။
မော်စကိုမြို့အပြင်ဘက်က မြို့များမှာ အသုံးပြုနေကြတဲ့ အသက်ရှူစက်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေပြီလို့ Reuters သတင်းဌာနရဲ့ သုတေသနက ပြောပါတယ်။
COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ အထူးသဖြင့် ပြည်နယ်တွေအတွက် အသက်ရှူစက်များ ပြတ်လပ်မှုဖြစ်နေကြောင်း သမ္မတဗလာဒီမာပူတင် ကိုယ်တိုင် ပြီးခဲ့တဲ့လအတွင်း ပြောကြားထားခဲ့ပါတယ်။ ရုရှားမှာ အသက်ရှူစက်နဲ့ mask များကို တိုးမြှင့်ထုတ်လုပ်နေပေမဲ့ ပြတ်လပ်မှုတွေရှိနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
မေလ ၁၂ ရက်နေ့ ညပိုင်းအထိ စာရင်းတွေအရ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၃၂,၂၄၃ ဦး၊ သေဆုံးသူ ၂,၁၁၆ ဦးနဲ့ ပြန်လည်သက်သာသူ ၄၃,၅၁၂ ဦး ရှိပါတယ်။
Ref. BBC,Reuters
You may also like these stories:
တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ
ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter
ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ