ဖိလစ်ပိုင်သမ္မတ ဒူတာဒေးအနေနဲ့ ဖိလစ်ပိုင်နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် နေအိမ်အတွင်း အသွားအလာကန့်သတ်ခံထားရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ လုပ်ငန်းခွင်တွေ ပြန်လည် ဝင်ရောက်ကြပါတော့မယ်။
သမ္မတ ဒူတာဒေးကလည်း လုပ်ငန်းခွင် ပြန်ဝင်ကြမယ့် နိုင်ငံသားတွေအနေနဲ့ COVID-19 ကူးစက်မှုကို လျှော့ချနိုင်အောင် ကြိုးစားရမှာဖြစ်သလို သေဆုံးမှု ထပ်မံ မဖြစ်ပွားအောင်လည်း ကာကွယ်ရမယ်လို့ ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ COVID-19 ဒုတိယလှိုင်းကနေ ရှောင်ရှားနိုင်ဖို့ ကျန်းမာရေးအကာအကွယ်တွေကို လိုက်နာရမှာဖြစ်ကြောင်း သမ္မတက သတိပေးထားပါတယ်။
၂၀၂၀ ခုနှစ် ဖီလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းခဲ့ပြီး အဓိကကတော့ မနီလာမြို့မှာ ပါဝင် တဲ့ Luzon ကျွန်းကို Lockdown ချလိုက်တဲ့ အတွက်ကြောင့်ပါ။ Luzun ကျွန်းဟာ ကျော်ကြားတဲ့ နေရာတခုဖြစ်ပြီး Lockdown ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၁ ဒဿမ ၅ သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဖိလစ်ပိုင်ဘဏ္ဍာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူက ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံတွင်းဒေသ တော်တော်များများကို Lockdown ကာလ ရုတ်သိမ်းပေးမှာ ဖြစ်ကြောင်း မေလ ၁၂ ရက်နေ့က ကြေညာခဲ့ပေမယ့် မြို့တော်ဖြစ်တဲ့ မနီလာမြို့နဲ့ တခြားမြို့တွေကို မေလ ၃၁ ရက်နေ့အထိ ဆက်ပြီး Lockdown ချထားမယ်လို့ သိရပါတယ်။
COVID-19 ကာလအတွင်း Lockdown တင်းတင်းကျပ်ကျပ် ချထားခံရတဲ့ မြို့တွေထဲမှာ မနီလာမြို့ လည်း ပါဝင်ပါတယ်။ မနီလာမြို့ရဲ့ Lockdown ကာလကို ၁၁ ပတ် ထပ်မံ တိုးမြှင့်လိုက်ပြီး ရက်ပေါင်း ၈၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ရဲ့ Lockdown ကာလက ၇၆ ရက်သာ ရှိခဲ့တဲ့အတွက် မနီလာမြို့ရဲ့ Lockdown ကာလက အချိန်ပိုပြီး ကြာမြင့်နေတာကို တွေ့ရပါ တယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ Cebu မြို့ နဲ့ Laguna ပြည်နယ်ကိုလည်း Lockdown ဆက်ပြီး ချထားမယ်လို့ သိရပါတယ်။ အဲဒီဒေသတွေဟာလည်း မကြာသေးခင်အချိန်ကပဲ COVID-19 ကူးစက်မှု မြင့်တက်လာခဲ့တဲ့ ဒေသတွေ ဖြစ်ပါတယ်။
ဖိလစ်ပိုင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ Harry Roque က ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အခုလိုပဲ ပြောဆိုခဲ့ပါတယ်။
“Lockdown ချလိုက်တာက နိုင်ငံရဲ့စီးပွားရေးကို ရိုက်ခတ်မှုတွေ ရှိစေပေမယ့် ဖိလစ်ပိုင် အစိုးရမှာ လည်း အရင်းအမြစ် ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဒီအရင်းအမြစ် ကန့်သတ်ချက်တွေဟာ COVID-19 နဲ့ ရေရှည်တိုက်ပွဲ ဝင်တဲ့အခါမှာ ထုတ်ယူသုံးစွဲရမယ့် အရင်းအမြစ်တွေဖြစ်ပြီး ကိုဗစ် အလွန် ကာလမှာ စီးပွားရေး စေ့စပ်ပေးမှုတွေ မရှိလာနိုင်ခဲ့ရင် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ COVID-19 ထက်ပိုမိုဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသားတွေကတော့ အစိုးရက ကတိပြုထားတဲ့ ကယ်ဆယ်ရေးရန်ပုံတွေ ဖြန့်ကျက်ရာမှာ နှေးကွေးတဲ့အတွက် သမ္မတ ဒူတာဒေးရဲ့ စီမံခန့်ခွဲမှုတွေကို ဝေဖန်နေကြပါတယ်။ အစိုးရအနေနဲ့ ရန်ပုံငွေ ကုန်တော့မယ်လို့ ပြောနေပေမယ့် တကယ်လိုအပ်တဲ့ လူတွေဆီကိုတော့ ဘာ ထောက်ပံ့ပေးမှုမှရောက်မလာခဲ့ဘူးလို့ ပြောဆိုနေကြပါတယ်။
Ref: thediplomat, thehindu
You may also like these stories:
ရုရှားဆေးရုံ မီးလောင်မှုမှာ COVID-19 လူနာများ သေဆုံး
တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ
ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter