စပိန်နိုင်ငံက အသက်အကြီးဆုံး အမျိုးသမီးဖြစ်တဲ့ အသက် ၁၁၃ နှစ်အရွယ် အဘွားအိုဟာ COVID-19 ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဘွားအို မာရီယာဘရန်ယက်စ်ဟာ မတ်လအတွင်းက စပိန်တနိုင်ငံလုံးကို Lockdown လုပ်ခဲ့ပြီးနောက် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမကို ရက်သတ္တပတ်များစွာ သီးသန့်ခွဲခြားထားခဲ့ပြီးနောက် အဘွားအို မာရီယာဟာ ပြန်လည် သက်သာလာခဲ့ပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏာများသာ တွေ့ရတော့တယ်လို့ ဆိုပါတယ်။
အဘွားအို မာရီယာဟာ ၁၉၁၈-၁၉ ခုနှစ် စပိန်တုပ်ကွေး၊ ၁၉၃၆-၃၉ စပိန်ပြည်တွင်းစစ်နဲ့ အခု COVID-19 ကပ်ရောဂါကာလတို့ကို ကြုံတွေ့ဖြတ်သန်းခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူ ဖြစ်လာပါတယ်။
“အခု အမေ နေကောင်းပါတယ်။ အမေက တကယ်ကို အံ့ဖွယ်ပါပဲ”လို့ မာရီယာရဲ့ သမီးဖြစ်သူက Twitter လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အဘွားအို မာရီယာကို ၁၉၀၇ ခုနှစ်က မက္ကစီကိုနိုင်ငံမှာ မွေးဖွားခဲ့ပြီးနောက် ၂ နှစ်အကြာမှာ ဆန်ဖရန်စစ္စကိုမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီနောက်မှာတော့ စပိန်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တလန်ဒေသ ဂျီရိုနာကို သူမရဲ့ဖခင် စပိန်ဂျာနယ်လစ်နဲ့အတူ ပထမ ကမ္ဘာစစ်အတွင်း ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မာရီယာမှာ ကလေး ၃ ဦးရှိခဲ့ပြီး တဦးက လက်ရှိမှာ အသက် ၈၆ နှစ်ပြည့်ပြီလို့ သိရပါတယ်။ အဘွားအိုမာရီယာမှာ မြေး ၁၁ ယောက်ရှိပြီး အကြီးဆုံးက အသက် ၆၀ နှစ်အရွယ် ရှိပြီဖြစ်ကာ မြစ် ၁၃ ဦးရှိကြောင်းလည်း သိရပါတယ်။
သူမဟာ အိုလော့မြို့ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာတခုမှာ နေထိုင်လာခဲ့တာ နှစ် ၂၀ ကြာပြီလို့လည်း သိရပါတယ်။ “ကျမ ဘာမှ မလုပ်ပါဘူး။ ဒါပေမဲ့ ရှင်သန်နေတာပါပဲ” လို့ ပြီးခဲ့တဲ့ နှစ်က စပိန်သတင်းစာ La Vanguardia ကို ဖြေကြားခဲ့ပါသေးတယ်။
Ref. independent.co.uk
You may also like these stories:
တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ
ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ
ပြည်တော်ပြန်တွေကြောင့် COVID-19 လှိုင်းအသစ် ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှား