ထိုင်းနိုင်ငံရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်များဟာ “Fah talai jone” လို့ ခေါ်တဲ့ အရွက်တမျိုးကို အသုံးပြုပြီး COVID-19 ရောဂါ ကုသဖို့အတွက် ဆေးဖော်စပ်ရာမှာ အသုံးပြုဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
အဲဒီအရွက်ကို ထိုင်းလူမျိုးများဟာ ရိုးရာဆေး ဖော်စပ်ရာမှာ အသုံးပြုလေ့ရှိပြီး လက်ဖက်ရည်ထဲမှာလည်း ထည့်သွင်းသောက်လေ့ရှိတယ်လို့ သိရပါတယ်။ ခါးသက်သက် အရသာရှိတဲ့ အဲဒီအရွက်ကို အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ လည်ချောင်းနာပျောက်ဆေးများအဖြစ် ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။
ဒီအရွက်ကို စမ်းသပ်ခန်းအတွင်းက စမ်းသပ်ချက်များမှာ အသုံးပြုခဲ့ချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဇီဝထုတ်ကုန်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အပင်ရဲ့ အမြင့်ဟာ ၉၀ စင်တီမီတာ ခန့်ရှိပြီး ခရမ်းရောင်အပွင့် ပွင့်လေ့ရှိတဲ့ Fah talai jone အပင်ဟာ ကျန်းမာသန်စွမ်းပြီး တနှစ်ပတ်လုံး ပေါက်လေ့ရှိတယ်လို့ သိရပါတယ်။ တပင်လုံးကို ဆေးဝါးဖော်စပ်ဖို့အတွက် အသုံးပြုနိုင်ပြီး ၁၉၅၀ နှစ်များကတည်းက အဖျားနဲ့ ကူးစက်ရောဂါတွေကို ကုသရာမှာ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။
အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးဝါးဖော်စပ်ဖို့ အတွက် နည်းလမ်းပေါင်းများစွာမှာ အသုံးဝင်ခဲ့တဲ့ အဲဒီဆေးဟာ HIV ရောဂါကို ထိန်းပေးတဲ့ အနေနဲ့လည်း အသုံးပြုခဲ့ပြီး နမိုးနီးယားစတဲ့ ရောဂါတွေကို ကုသတဲ့ နေရာမှာလည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီအရွက်ကို ဆေးဖော်စပ်တဲ့ နေရာမှာ အသုံးပြုဖို့ စမ်းသပ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
“အရွက်ထဲမှာ ပါဝင်တဲ့ andrographis compound ဟာ COVID-19 ရောဂါပိုးကို သေစေပါတယ်။ ဒါ့အပြင် andrographis compound ဟာ ရောဂါပိုးပျံ့နှံ့မှုကိုလည်း တားဆီးနိုင်ပါတယ်”လို့ ဇီဝထုတ်ကုန်အဖွဲ့အစည်းရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Supaporn Phoomamorn က ပြောပါတယ်။
ဓာတ်ခွဲခန်းအတွင်းက စမ်းသပ်ချက်များက အောင်မြင်တာကြောင့် အခြားစမ်းသပ်ချက်များကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး လူများမှာ စမ်းသပ်ချက်တွေကိုလည်း ပြုလုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
Ref. Bangkok Post
You may also like these stories:
စပိန်က အသက်အကြီးဆုံး အဘွားအို COVID-19 ရောဂါ ပြန်သက်သာ
တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ