မေလ ၁၂ ရက်နေ့က ဘရာဇီးမှာ COVID-19 ကြောင့် ၈၈၁ ဦး သေဆုံးခဲ့ပြီး နေ့စဉ် သေဆုံးမှုအရေအတွက် စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိအချိန်အထိ ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁၂,၄၀၀ နဲ့ ကူးစက်ခံရသူ ၁၇၈,၂၁၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ဘရာဇီးဟာ လက်တင်အမေရိကမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေပြီး ကမ္ဘာတဝှမ်းမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဆဋ္ဌမမြောက် နိုင်ငံလည်းဖြစ်နေပါတယ်။ ဘရာဇီးမှာ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှု နည်းပါးခြင်းကြောင့် COVID-19 ကြောင့် သေဆုံးသူဦးရေဟာ အခုထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
“ဘရာဇီးက ဆေးရုံရောက်လာသူတွေကိုပဲ စစ်ဆေးနေတာပါ။ ရရှိနိုင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အမှန်တကယ် ဘာဖြစ်နေတယ်ဆိုတာ သိရဖို့က ခက်ခဲပါတယ်”လို့ University of Säo Paulo Medical School မှ ဒိုမင်ဂိုအဲလ်ဗက်စ်က AFP သတင်းဌာနကို ပြောပါတယ်။
သူ့ဟာ ဘရာဇီးမှာ COVID-19 ကူးစက်ခံမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် ၁၅ ဆပိုများနိုင်ကြောင်း ခန့်မှန်းထားတဲ့ လေ့လာမှုကို ပြုလုပ်ခဲ့သူတွေအနက် တဦးအပါအဝင် ဖြစ်ပါတယ်။
ဘရာဇီးမှာ လာမယ့် ရက်သတ္တပတ်များအတွင်း ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပြီး ကျန်းမာရေးစနစ် မနိုင်မနင်း ဖြစ်လာနိုင်မယ့်အပေါ် ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။
ဒါပေမဲ့ လက်ယာစွန်းရောက် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုကတော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို အလွန်အမင်း စိုးရိမ်စရာ မလိုကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေကို ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်လုပ်ဆောင်မှု အတွက် ဝေဖန်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဘရာဇီးက အမေရိကန်ပြီးနောက် ကမ္ဘာ့အနောက်ခြမ်းမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က အမေရိကဟာ လက်ရှိမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Ref. BBC