ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေး နှေးကွေးသွားပေမယ့် ဘရားဇီးနိုင်ငံ၊ အမေဇုန်သစ်တောက သစ်တောပြုန်းတီးမှုတွေကတော့ အရှိန်အဟုန်နဲ့ တိုးမြင့်လာဆဲပါ။ နိုင်ငံရဲ့ အဓိကစီးပွားရေးလို့တောင် သတ်မှတ်ကြတဲ့ အမေဇုန်သစ်တောကြီးထဲမှာ တရားမဝင် သစ်ခိုးထုတ်သူတွေက Quarantine ကာလ ကန့်သတ်ပိတ်ဆို့နေချိန်မှာတောင် ပုံမှန်အတိုင်း ပြုလုပ်နေပါတယ်။
၂၀၂၀ ဧပြီလမှာတင် ဘရားဇီးမိုးသစ်တောကြီးရဲ့ သစ်တောပြုန်းတီးမှုဟာ မနှစ်ကထက်နှိုင်းယှဉ်ရင် ရာခိုင်နှုန်း အားဖြင့် ၆၄ ရာခိုင်နှုန်းကျော် ရှိနေပြီလို့ INPE (Brazil’s National Institute for Space Research) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မတ်လ ၁ လတည်းမှာတင် သစ်တောပြုန်းတီးမှုဟာ ဧရိယာ ၁၅၆ စတုရန်းမိုင် ရှိပါတယ်။
၂၀၂၀ ပြည့်နှစ် လေးလပတ် အတိုင်းအတာမှာ အမေဇုန်သစ်တော ပြုန်းတီးမှု ရာခိုင်နှုန်းဟာ ၂၀၁၉ ထက်စာရင် ထက်ဝက်ကျော် ၅၀ ရာခိုင်နှုန်းလောက် နီးပါး ပိုများလာတာ တွေ့ရှိရပါတယ်။ ဘရာဇီးစစ်တပ်ကလည်း အင်အား ၃၀၀၀ ကျော် တပ်ဖြန့်ထားပြီး တရားမဝင် သစ်ခိုးထုတ်မှုတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးပေးနေတယ်လို့ INPE က ဆိုပါတယ်။
တရားမဝင် သစ်ခိုးထုတ်မှုတွေအပါအဝင် ၂၀၁၉ အတွင်းက တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ၂၀၁၉၊ နိုဝင်ဘာလအတွင်းမှာ အမေဇုန်သစ်တော ပြုန်းတီးမှုပမာဏဟာ ဆယ်စုနှစ် တခုကျော်ကထက် အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါသေးတယ်။
ဘရားဇီးနိုင်ငံ၊ တိုင်းရင်းသားမျိုးနွယ်အများစုရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ အမေဇုန်သစ်တောထဲမှာ နေထိုင်ကြပါတယ်။ တရားဝင်စာရင်းအရ သစ်တောမြေပေါ်မှာ မျိုးနွယ်စုဦးရေ ၉၀၀,၀၀၀ ကျော်လောက် နေထိုင်နေကြ ပြီး အဆိုပါပမာဏဟာ ဘရားဇီးနိုင်ငံလူဦးရေရဲ့ ၀ ဒဿမ ၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဒါကြောင့် တက်ကြွလှုပ်ရှားသူတွေက စီးပွားရေးအရ မှောင်ခိုသစ်ထုတ်လုပ်မှုတွေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်တွေကို သစ်တောအတွင်း နေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်တွေ ခံစားရမှာ စိုးရိမ်နေပါတယ်။
အမေဇုန်သစ်တောထဲမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေဟာ သစ်တောအပြင်က ကူးစက်ရောဂါပိုးတွေကို ပြန်လည် ခုခံနိုင်စွမ်း ပဋိပစ္စည်း မရှိလို့ စိုးရိမ်မိတယ်လို့ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ ဓာတ်ပုံဆရာလည်းဖြစ်တဲ့ Sebastiao Salagad က ဆိုပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်သာ တိုင်းရင်းသားမျိုးနွယ်စုတွေနေတဲ့ နေရာမှာ ကူးစက်ပျံ့နှံ့သွားမယ်ဆိုရင် အရမ်းကို အန္တရာယ်များပြီး ဒါမှတကယ့် လူမျိုးတုံး သေဆုံးမှုထိ ဖြစ်သွားနိုင်တယ်” လို့ Salagad က ဆိုပါတယ်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဘရားဇီးနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ကိုရို နာဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၇၇ ဦးရှိပြီး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: edition.cnn
You may also like these stories:
တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး