ကမ္ဘာတဝှမ်း ပျံ့နှံ့လျက်ရှိတဲ့ COVID-19 ရောဂါပိုး ကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် ယာဉ်မောင်းအားလုံး Mask တပ်ကြဖို့ Uber ကုမ္ပဏီက မေလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် တနင်္လာနေ့က စပြီး အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ ဥရောပနဲ့ အာရှနိုင်ငံများက Uber ကုမ္ပဏီရဲ့ အောက်မှာ ကားမောင်းနေကြတဲ့ ယာဉ်မောင်း အားလုံးဟာ မျက်နှာကို အုပ်ဖို့ အကာအကွယ် တခုခု တပ်ဆင်ကြဖို့နဲ့ ခရီးသည်များကို နောက်ခုံမှာသာ ထိုင်ရန် တောင်းဆိုကြဖို့ ကုမ္ပဏီက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့လည်း Uber မှာ ကားလိုက်ပါစီးနင်းရမယ့် ခရီးသည်အရေအတွက်ကိုလည်း ၄ ယောက်ခွင့်ပြုထားရာမှာ ၃ယောက်သာ ပြောင်းလဲခွင့်ပြုထားတယ်လို့ သိရပါတယ်။
“Uber အနေနဲ့ နောက်ထပ်တိုးမြင့်မယ့် သတ်မှတ်ချက်တွေကို ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ သိရှိနိုင်ဖို့ Uber Application ကတဆင့် ထပ်မံကြေညာသွားမှာ ဖြစ်ပါတယ်”လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူက သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။
ယာဉ်မောင်းများအနေနဲ့ Mask တပ်ထားကြောင်းကို ဓာတ်ပုံရိုက်ပြီး ခရီးသည်ကို ကြိုတင်ပြသရမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းမှာ COVID-19 ကူးစက်ခံထားရမှုနဲ့ ရောဂါလက္ခဏာများ ရှိ၊ မရှိကိုလည်း ကုမ္ပဏီတာဝန်ရှိသူများအနေနဲ့ စစ်ဆေးနေရမှာ ဖြစ်ပြီး ယာဉ်မောင်းနေချိန်မှာလည်း ကားပြတင်းပေါက်များကို ချထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ပါရှိပါတယ်။
Uber ဟာ လက်ရှိမှာ နိုင်ငံပေါင်းများစွာက မြို့ပေါင်း ၉၀၀ ကျော်မှာ အငှားယာဉ်ဝန်ဆောင်မှုကို တွင်ကျယ်စွာ လုပ်ကိုင်နေပြီး ကူးစက်ရောဂါပျံ့နှံ့မှုများက အငှားယာဉ်များမှ မဖြစ်ရအောင် အခုလို ကာကွယ်မှုတွေ ပြုလုပ်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီဟာ ယာဉ်မောင်းများရဲ့ ကျန်းမာရေးအတွက် Mask များလည်း ဝယ်ယူလှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. Bangkok Post
You may also like these stories:
ကိုဗစ်ကာလအတွင်း အမေဇုန်မှာ သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ
စင်ကာပူမှာ မူကြိုကျောင်း ဝန်ထမ်းအားလုံး COVID-19 ရောဂါပိုး စစ်မည်