ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပါတယ်။ အာဖရိကနိုင်ငံတွေကို COVID-19 ကူးစက်ခဲ့ပေမယ့် လီဆိုသိုနိုင်ငံကတော့ နောက်ဆုံးအချိန်အထိ ရောဂါကူးစက်မှုကို တောင့်ခံထားနိုင်ခဲ့ပေမယ့် မေလ ၁၃ ရက်နေ့မှာတော့ ရောဂါကူးစက်သူ ၁ ယောက် တွေ့ရှိခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုချိန်မှာ အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံ စလုံးကို ရောဂါ ကူးစက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အာဖရိကမြောက်ပိုင်းမှာရှိတဲ့ အီဂျစ်နိုင်ငံကတော့ ကမ္ဘာ့အထင်ကရ နိုင်ငံဖြစ်သလို အာဖရိကနိုင်ငံတွေထဲမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။
နေထိုင်သူ လူဦးရေ သန်း ၁၀၀ ကျော်ရှိတဲ့ အီဂျစ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၁၀,၈၂၉ ယောက် ရှိနေပြီး ၅၇၁ ယောက်သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း အီဂျစ်နိုင်ငံဟာ အာဖရိကနိုင်ငံတွေထဲမှာ COVID -19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အာဖရိကမှာ ကူးစက်မှု အများဆုံးကတော့ တောင်အာဖရိက သမ္မတနိုင်ငံပါ။ တောင်အာဖရိက သမ္မတနိုင်ငံမှာ လူပေါင်း ၁၂,၇၃၉ ယောက် ရောဂါကူးစက်ခံနေရပြီး ၂၃၈ ယောက် သေဆုံးခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံကတော့ ၂၃ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၁ ယောက် သေဆုံးခဲ့ပါတယ်။
အာဖရိကမှာ နောက်ဆုံး တွေ့ရှိခဲ့တဲ့ လီဆိုသိုနိုင်ငံက ရောဂါကူးစက်ခံရသူဟာ မကြာသေးခင်ကမှ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး COVID-19 ရောဂါလက္ခဏာ တစုံတရာ မပြဘဲ ကူးစက်ခံနေရသူဖြစ်တယ် လို့ လီဆိုသို ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အာဖရိကနိုင်ငံအများစုမှာ ဆရာဝင်အင်အား နည်းပါးသလို အသက်ရှူကိရိယာတွေလည်း အလုံအလောက် မရှိပါဘူး။ ဒါကြောင့်လည်း အာဖရိကနိုင်ငံတွေမှာ COVID-19 ပြန့်ပွားနေမှုက စိုးရိမ်စရာအခြေအနေမှာ ရှိနေပါတယ်။
လူဦးရေ ၂ သန်းကျော်သာရှိတဲ့ လီဆိုသိုနိုင်ငံကို တောင်အာဖရိက သမ္မတနိုင်ငံက ဝန်းရံနေပါတယ်။ တောင်အာဖရိကသမ္မတနိုင်ငံဟာ အာဖရိကတိုက်မှာ ကူးစက်မှုအမြင့်ဆုံး ဖြစ်တဲ့အတွက် လီဆိုသိုနိုင်ငံအတွက်လည်း စိုးရိမ်စရာ အခြေအနေ ရှိပါတယ်။
COVID-19 ဟာ အာဖရိကနိုင်ငံတွေကို ဖြည်းဖြည်းချင်း ပြန့်ပွားခဲ့ပေမယ့် ကူးစက်မှုနှုန်းကတော့ မြင့်တက်နေပါတယ်။ မေလ ၁၄ ရက်နေ့ အထိ အာဖရိကတိုက်မှာ ကူးစက်လူနာပေါင်း ၇၂,၃၉၁ ယောက် ရှိခဲ့ပြီး ၂,၄၉၃ ယောက် သေဆုံးခဲ့ပါတယ်။
Ref: time, africanews
You may also like these stories:
အမေရိကနဲ့ ဥရောပထက် အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု နှေးကွေး
ကိုဗစ်ကြောင့် ဘရာဇီးမှာ သေဆုံးသူ မြင့်တက်နေ