Trend

ကြောင်အချင်းချင်း COVID-19 ကူးစက်နိုင်

COVID-19 ရောဂါဟာ လူအချင်းချင်း ကူးစက်ရုံသာမက၊ လူကနေ တိရစ္ဆာန်တွေကိုပါ ကူးစက်နိုင်သလို တိရစ္ဆာန် အချင်းချင်းလည်း ကူးစက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေ လေ့လာ တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲသုတေသန အဖြေတွေအရ ကြောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားနိုင်သလို ရောဂါလက္ခဏာ တစုံတရာ မပြဘဲ တခြား ကြောင်တွေကိုလည်း ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲခန်းမှာ သုတေသနပြုနေကြတဲ့ သိပ္ပံပညာရှင်တွေက လူကနေ ကြောင်ကို ကူးစက်ပြီး ကြောင်ကနေ လူကို နောက်ထပ် ကူးစက်မှု ရှိ၊ မရှိ သိရအောင် သုတေသနတွေ ဆက်ပြီး လုပ်ရလိမ့်မယ်လို့ ပြောပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကြောင်ကနေ လူကို ကူးစက်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို လျှော့တွက်ထားပါတယ်။

ကူးစက်ဗိုင်းရပ်စ် ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Peter Halfmann တိရစ္ဆာန်တွေကနေ တဆင့် လူတွေကိုရောဂါ မကူးစက်နိုင်အောင် တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ သူအကြံပေးတာကတော့ အိမ်မွေးတိရစ္ဆာန်တွေကို ပွေ့ဖက် နမ်းရှုတ်တာမျိုး မပြုလုပ်ကြဖို့နဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် အိမ်မွေးတိရစ္ဆာန်တွေရဲ့မျက်နှာနဲ့ ကိုယ်ခန္ဓာကို သန့်ရှင်းအောင် ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Peter နဲ့ အလုပ် အတူတူ လုပ်နေကြတဲ့ Wisconsin တက္ကသိုလ်၊ ဆေးကုသရေးကျောင်းက လူတွေဟာ ဓာတ်ခွဲခန်း စမ်းသပ်မှုကို ဦးဆောင်နေကြပြီး မေလ ၁၃ ရက်နေ့မှာတော့ နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်မှာ ရလဒ်တွေကို ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီ ရလဒ်တွေထဲမှာတော့ COVID-19 ကူးစက်နေတဲ့ လူကနေတဆင့် ကြောင် ၃ ကောင် ရောဂါကူးစက်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အဲ့ဒီနောက်မှာတော့ ကြောင်အချင်းချင်း ရောဂါကူးစက်မှု ရှိ၊ မရှိ သိရအောင် ရောဂါ ကူးစက်ခံထားရတဲ့ကြောင် ၃ ကောင်ကို တခြားကြောင် ၃ သုံးကောင်နဲ့အတူ ထားခဲ့ပါတယ်။ ၅ ရက်လောက် အတွင်းမှာတော့ ရောဂါကူးစက်ခြင်း မရှိသေးတဲ့ကြောင် ၃ ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပါတယ်။

ရောဂါကူးစက်နေတဲ့ ကြောင် ၆ ကောင်စလုံးဟာ ရောဂါလက္ခဏာ တစုံတရာ မပြဘဲ ကူးစက်ခံထားရတာကိုလည်း တွေ့ရှိခဲ့တယ်လို့ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း အများပြည်သူကျန်းမာရေးအတွက် ကြောင်ကနေ လူကို ထပ်မံ ကူးစက်နိုင်ခြင်း ရှိ၊ မရှိ သိရအောင် သုတေသနတွေ ဆက်လုပ်ရလိမ့်မယ်လို့ သိရပါတယ်။ COVID-19 ကူးစက်ခံထားရတဲ့ လူကနေတဆင့် အိမ်မွေးတိရစ္ဆာန်တွေ အပါအဝင် တခြားတိရစ္ဆာန်တွေလည်း ရောဂါ ကူးစက်ခံထားရပါတယ်။

Ref: indianexpress

You may also like these stories:

ယာဉ်မောင်းအားလုံး Mask တပ်ရန် Uber ထုတ်ပြန်

 

Loading