COVID-19 ကူးစက်မှု အီတလီနဲ့ စပိန်ထက် ဘရာဇီးမှာ ပိုများပြားလာ
ဘရာဇီးနိုင်ငံဟာ COVID-19 ရောဂါ ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၄ နေရာကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘရာဇီးသမ္မတဖြစ်သူကတော့ ရောဂါရဲ့ အခြေအနေကို ဘေးချိတ်ဖို့ ကြိုးပမ်းမှုတွေ ရှိပြီး ပိတ်ဆို့မှုတွေ တင်းတင်းကြပ်ကြပ် မလုပ်တာကြောင့် ဝေဖန်ခံနေရပါတယ်။
ရောဂါကူးစက်မှု မြင့်မားခဲ့တဲ့ အီတလီ၊ စပိန်စတဲ့ နိုင်ငံတွေကို ကျော်ပြီး ဘရာဇီးနိုင်ငံဟာ ကူးစက်မှုအများဆုံး နံပါတ် ၄ နေရာကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ ၂၃၀,၀၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
COVID-19 ရောဂါကြောင့် ဘရာဇီးမှာ သေဆုံးသူ ၁၅,၆၃၃ ဦးရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အတည်ပြုချက်တွေအရ ထပ်မံသေဆုံးသူ ၈၁၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ရောဂါကူးစက်မှုတွေ မြင့်တက်နေပေမယ့် ဘရာဇီးသမ္မတဖြစ်သူ Jair Bolsonaro ကတော့ ရောဂါအခြေအနေကို ကွယ်ဝှက်ဖို့ ကြိုးစားနေပြီး သာမန်အဖျားသာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း DW သတင်းက ဖော်ပြပါတယ်။
သမ္မတ Jair Bolsonaro က “အပြင်မထွက်ဘဲ အိမ်မှာ သီးခြားနေထိုင်ကြတာကို ထောက်ခံသူတွေ အနာဂတ်မှာ ကြုံတွေ့ရမှာက ကံဆိုးမိုးမှောင်ကျမှုတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေနဲ့ အငတ်ဘေးကြုံခြင်းတွေပဲ ဖြစ်တယ်” လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
သမ္မတအနေနဲ့ လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ကို စိတ်အားထက်သန်နေပြီး သူ့ရဲ့ လုပ်ရပ်တွေကို ဘရာဇီးပြည်သူတွေက လူမှုကွန်ရက်တွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်လို့လည်း သိရပါတယ်။
Ref. dw.com
You may also like these stories:
ထိုင်းမှာ နိုင်ငံတကာ လေကြောင်းခရီး သွားလာခွင့် ဇွန်လကုန်အထိ တိုးမြှင့်