ဆလိုဗေးနီးယားနိုင်ငံဟာ ဥရောပတိုက်မှာ တည်ရှိပြီး COVID-19 ကူးစက်မှုနှုန်း မြင့်နေတဲ့ အီတလီ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို သြစတြီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှားစတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ကောက်ယူထားတဲ့ စာရင်းတွေအရ ဆလိုဗေးနီးယားနိုင်ငံမှာ နေထိုင်သူ လူဦးရေ ၂ သန်းကျော်သာ ရှိခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ဆလိုဗေးနီးယားနိုင်ငံလည်း ရင်ဆိုင်ခဲ့ရပြီး ကူးစက်လူနာ ၁၄၆၅ ယောက်နဲ့ သေဆုံးသူ ၁၀၄ ယောက် ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဆလိုဗေးနီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အညွှန်းကိန်းတွေအရ နိုင်ငံတွင်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်းက သိသိသာသာ ကျဆင်းသွားပြီလို့ သိရပါတယ်။ ဆလိုဗေးနီးယားအစိုးရကလည်း ပြီးခဲ့တဲ့ မေလ ၁၅ ရက် သောကြာနေ့မှာပဲ ဆလိုဗေးနီးယားနိုင်ငံဟာ COVID-19 ကပ်ရောဂါဆိုးကြီးကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ကြောင့်လည်း ဆလိုဗေးနီးယားနိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ COVID-19 ကို ကျော်လွှားနိုင်ခဲ့ပြီလို့ ကြေညာခဲ့တဲ့ ပထမဆုံးသော နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဆလိုဗေးနီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Janez Jansa ကလည်း အခုလို ဆိုထားပါတယ်။
“COVID-19 ကပ်ရောဂါဆိုးနဲ့ ပတ်သက်ရင် ဆလိုဗေးနီးယားနိုင်ငံက တခြားဥရောပနိုင်ငံတွေထက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။ ယေဘုယျအားဖြင့်လည်း ကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ခဲ့ပါပြီ”လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကန့်သတ်ချက်တွေ ရုတ်သိမ်းခဲ့သလို အိမ်နီးချင်းဖြစ်တဲ့ အီတလီ၊ သြစတြီးယား၊ ခရိုအေးရှားနဲ့ ဟန်ဂေရီနိုင်ငံသားတွေကို ပြည်တွင်း ဝင်ရောက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း ကျဆင်းသွားတဲ့ ဂျာမနီနိုင်ငံ အပါအဝင် အခြား ဥရောပနိုင်ငံတွေလည်း အသွားအလာ ကန့်သတ်မှုတွေကို တဖြည်းဖြည်းချင်း လျှော့ချလာကြပါတယ်။
အီးယူနိုင်ငံတွေကနေ ဆလိုဗေးနီးယားနိုင်ငံကို လာရောက်လိုတဲ့ ခရီးသွားတွေအနေနဲ့ အရင်လို Quarantine ၁၄ ရက် ဝင်စရာ မလိုတော့ပေမယ့် အီးယူ မဟုတ်တဲ့ တခြားနိုင်ငံတွေကနေ လာရောက် တဲ့ နိုင်ငံခြားသားတွေ အားလုံးကတော့ Quarantine ၁၄ ရက်ဝင်ရမယ်လို့ ဆလိုဗေးနီးယား အစိုးရက ကြေညာထားပါတယ်။
Quarantine ဝင်စရာ မလိုတဲ့ အီးယူနိုင်ငံသားတွေဟာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အီးယူ မဟုတ်တဲ့ တခြားနိုင်ငံတွေကို သွားရောက် မလည်ပတ်ထားသူတွေ ဖြစ်ရပါမယ်။ အီးယူ မဟုတ်တဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ်ထားသူတွေကတော့ Quarantine ၁၄ ရက် ဝင်ရပါလိမ့်မယ်။
Ref: cnbc, timesofindia
You may also like these stories:
တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ
ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter
ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ