COVID-19 ကာလမှာ နိုင်ငံအများစုအနေနဲ့ အွန်လိုင်း ပညာသင်ကြားသင်ရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ဖို့ ပြင်ဆင်လာကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင်လည်း ထိုင်းနိုင်ငံအနေနဲ့ အွန်လိုင်းနဲ့ ရုပ်မြင်သံကြားကနေတဆင့် ပညာသင်ကြားရေးစနစ်ကို ပြောင်းလဲဖို့ ထိုင်းပညာရေး ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်နေပါတယ်။
မကြာခင် စတင်တော့မယ့် ပညာသင်နှစ်အတွက် ထိုင်းပညာရေးဝန်ကြီးဌာနက အွန်လိုင်းပညာ သင်ကြားရေးစနစ်ကို မေလ ၁၈ ရက်နေ့မှာ စတင်စမ်းသပ်ခဲ့ပါတယ်။ စတင်စမ်းသပ်တဲ့ ပထမဆုံးနေ့မှာပဲ အွန်လိုင်းပညာ သင်ကြားရေးစနစ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးငယ်တွေအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
နွမ်းပါးတဲ့ မိသားစုဝင် အများစုဟာ စမတ်ဖုန်း မကိုင်နိုင်ကြသလို အင်တာနက်ကိုလည်း အသုံးမပြုနိုင်ကြပါဘူး။ ဒါကြောင့်လည်း ထိုင်းနိုင်ငံက ဆင်းရဲနွမ်းပါးသူ ကလေးအများစုဟာ အွန်လိုင်းပညာသင်ကြားရေးစနစ်နဲ့ လွဲချော်ရဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်တော့ Nakhon Ratchasima ပြည်နယ်က ကလေးအများစုဟာ အွန်လိုင်းပညာ သင်ကြားရေး စနစ်နဲ့ အံ့ဝင်ခြင်း မရှိတဲ့အတွက် ပြဿနာတရပ် ဖြစ်နေပါတယ်။
အသက် ၅၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Samran ကလည်း သူမတို့ မိသားစုဟာ ဆင်းရဲတဲ့အတွက် သူမ မြေးတွေအနေနဲ့ အွန်လိုင်း ပညာသင်ကြားရေးစနစ်ကို သင်ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းကတော့ သူမတို့အနေနဲ့ အင်တာနက် အသုံးမပြုနိုင်တဲ့အတွက်ကြောင့်ပါ။
Samran နည်းတူပဲ တခြားနွမ်းပါး သူတွေကလည်း သူတို့ကလေးတွေရဲ့ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ အွန်လိုင်း ပညာသင်ကြားရေးစနစ်အတိုင်းဆိုရင် နွမ်းပါးသူ အများစုရဲ့ ကလေးတွေအနေနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးရမယ့်သဘော ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာပြီးနောက်ပိုင်း အစိုးရရဲ့ Lockdown ကာလအတွင်းမှာ နွမ်းပါးသူတွေအနေနဲ့ စားသောက်ဖို့တောင် အနိုင်နိုင် ဖြစ်ခဲ့ကြရပါတယ်။
အခုလို ပညာရေးစနစ် အပြောင်းအလဲက နွမ်းပါးတဲ့ ကလေးတွေရဲ့ ပညာရေးကို ထိခိုက်စေနိုင်လို့ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ Pat က ပြောပါတယ်။ Pat ဟာ ကလေး ၄ ယောက်ရဲ့ အဘွားဖြစ်ပြီး ကလေးတွေ အားလုံးကလည်း ပညာသင်ကြားနေကြသူတွေ ဖြစ်ပါတယ်။
အွန်လိုင်း ပညာသင်ကြားရေးစနစ် အတိုင်းသာဆိုရင်တော့ ကလေးတွေရဲ့ ပညာရေး ကွာဟချက်က ဆိုးဆိုးရွားရွား ကြီးမားလာနိုင်စရာ အကြောင်း ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကလေးအများစုဟာ ဝေးလံတဲ့အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး အင်တာနက် အသုံးပြုလို့ မရတဲ့ ဒေ သတွေက ဖြစ်ကြပါတယ်။
Kasetsart တက္ကသိုလ်ရဲ့ သုတေသနပြုလုပ်ချက်အရ ပြည်နယ် ၆၇ ပြည်နယ်မှာရှိတဲ့ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမ အရေအတွက်က ၆၇၈ ယောက်သာရှိပြီး ကျောင်းသား ၆၆ ရာခိုင်နှုန်းလောက်မှာ ကွန်ပျူတာ မရှိဘူးလို့ သိရပါတယ်။ ကွန်ပျူတာ မရှိသလို အင်တာနက်လည်းအသုံးပြုလို့ မရဘူးလို့ သုတေသန ပြုလုပ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တချို့ဒေသတွေဆိုရင် လျှပ်စစ်မီးတောင် မရဘူးလို့လည်း ဆိုပါတယ်။ တနိုင်ငံလုံးအ တိုင်းအတာနဲ့ဆိုရင်တော့ ကျောင်းသား ၄၅ ရာခိုင်နှုန်းလောက်သာ အွန်လိုင်း ပညာသင်ကြားစနစ်ကို သင်ယူနိုင်မှာဖြစ်တယ်လို့ ဆရာ၊ ဆရာမတွေက သုံးသပ်နေကြပါတယ်။
Ref: chaingraitimes
You may also like these stories:
Las Vegas နိုင်ငံတကာလေဆိပ်မှာ PPE Vending Machine များတပ်ဆင်
ကိုဗစ်ကာလအတွင်း ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ဈေးကွက် ပိုကြီးထွားလာ
COVID-19 ကို အဆုံးသတ်နိုင်ပြီလို့ ဆလိုဗေးနီးယားနိုင်ငံ ကြေညာ