၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံကို တပတ် ပြန်လည်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာ COVID- 19 ကူးစက်ခံရသူလူနာသစ် ၃၄ ယောက် တွေ့ရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မေလ ၁၇ နဲ့ ၁၈ ရက်မှာတော့ ရောဂါထပ်မံကူးစက်ခံရသူ အနည်းဆုံး ၃ ယောက် ရှိခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့လည်း Jilin ပြည်နယ်အတွင်းက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းခိုင်းထားပြီး ပြည်နယ်အတွင်းကို ဘာယာဉ်မှ ဝင်ခွင့် မပြုတော့သလို ထွက်ခွင့်လည်း မပြုတော့ပါဘူး။ ပြည်နယ် အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေ အားလုံးကိုလည်း ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။
ဝူဟန်မြို့မှာ COVID-19 စတင်ပြန့်ပွားပြီးနောက်ပိုင်းမှာတော့ Jilin ပြည်နယ်ကိုလည်း ရောဂါကူးစက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာတော့ COVID-19 ကြောင့် Jilin ပြည်နယ်မှာ လူ ၂ ယောက်သေဆုံးခဲ့ပြီး ၁၂၇ ယောက် ရောဂါကူးစက်ခံခဲ့ရပါတယ်။
တရုတ်အစိုးရက Lockdown ကာလရုတ်သိမ်းပြီး ၁ လလောက်အကြာမှာတော့ Jilin ပြည်နယ်မှာ ကူးစက်လူနာသစ်တွေကို ထပ်မံတွေ့ရှိလာရပါတယ်။ လက်ရှိအချိန်မှာတော့ တကျော့ပြန် ရောက်လာတဲ့ ကူးစက်ရောဂါကြောင့် လူပေါင်းသောင်းချီ Quarantine ဝင်နေကြရပါတယ်။
မေလ ၁၈ ရက်နေ့မှာပဲ Jilin ပြည်နယ်အတွင်းက Shulan မြို့ အာဏာပိုင်တွေက ရောဂါထပ်မံကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Lockdown ချခံထားရတဲ့ ဒေသအတွင်းက မိသားစုဝင်တွေကို မရှိမဖြစ် ပစ္စည်းတွေအတွက် ၂ ရက်မှ ၁ ခါ ဈေးဝယ် ထွက်ခွင့်ပြုထားပြီး ၂ နာရီသာ ခွင့်ပြုထားပါတယ်။ တကြိမ်ဝယ်ရင်လည်း မိသားစု တစုကို လူ ၁ ယောက်သာ အပြင်ထွက်ဈေးဝယ်ဖို့ သတ်မှတ်ပေးထားပါတယ်။
အခုလို ရောဂါ ထပ်မံပြန့်ပွားလာတဲ့အတွက် Shulan မြို့မှာရှိတဲ့ အဆင့်မြင့် ကွန်မြူနစ်ပါတီကအရာရှိ ၅ ယောက်ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
တကျော့ပြန် COVID-19 ဟာ ဘယ်နေရာကနေ စတင် ကူးစက်လာခဲ့သလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပေမယ့် တရုတ်ကျန်းမာရေး ဝန်ကြီးဌာနကတော့ ရုရှားကနေ ပြန်လာသူတွေဆီက ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၂၉၀,၀၀၀ ကျော် ရောဂါကူးစက်ခံနေရပါတယ်။
ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို Lockdown ရုတ်သိမ်းပြီး ၃၅ ရက်အကြာမှာတော့ ကူးစက် လူနာသစ် ၆ ယောက် ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဝူဟန်မြို့ကို Lockdown ပြန်ချဖို့ မသတ်မှတ်ထား သေးပေမယ့် နေထိုင်သူ ၁၁ သန်းစလုံးကို ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ အမေရိကန်မှာ ရောဂါကူးစက်သူပေါင်း ၁ ဒဿမ ၄ သန်းကျော်ရှိနေပြီး ၉၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: Bloomberg,thehill
You may also like these stories:
အွန်လိုင်း သင်ကြားရေးစနစ်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ ပညာရေးကို ထိခိုက်နိုင်
COVID-19 ကို အဆုံးသတ်နိုင်ပြီလို့ ဆလိုဗေးနီးယားနိုင်ငံ ကြေညာ
နိုင်ငံအချို့ကို ကျန်းမာရေး အန္တရာယ်ဇုန်စာရင်းမှ ထိုင်းအစိုးရ ပယ်ဖျက်