တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၄ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက မေလ ၁၉ ရက် ၊ အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့ ညနေပိုင်းက ယူနန်ပြည်နယ်၊ Qiaojia ခရိုင် ငလျင် လှုပ်ခတ်မှုအကြောင်းကို ယူနန်အစိုးရက ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။
လူဦးရေ ၆ သန်းကျော်ရှိတဲ့ Zhaotong မြို့ အနီးမှာ ငလျင်လှုပ်ခတ်မှု ပမာဏ ကြီးမားခဲ့ပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒဿမ ၂ အဆင့်ရှိခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ငလျင်ပညာဆိုင်ရာကျွမ်းကျင်သူ တွေက ပြောပါတယ်။ ယူနန်ပြည်နယ်ဟာ မကြာခဏ ဆိုသလို ငလျင်လှုပ်ခတ်လေ့ရှိပြီး လူပေါင်း ရာနဲ့ချီ သေဆုံးရလေ့ရှိတဲ့ ပြည်နယ် ဖြစ်ပါတယ်။
ဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေကို အကူအညီပေးနိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင် ၆၀၀ နီးပါး စေလွှတ်ထားတယ်လို့ ယူနန်ပြည်နယ်အစိုးရက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေထဲမှာ မီးသတ်သမားတွေလည်း ပါဝင်သလို ဒေသအစိုးရက ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က စစ်သည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ပြည်နယ်သတင်းဌာန တခုဖြစ်တဲ့ ဆင်ဟွာကလည်း ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကို ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်ကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ပုံမှန်အတိုင်းဆိုရင်လည်း တရုတ်နိုင်ငံဟာ အမြဲလိုလို ငလျင်ဒဏ်ခံစားရလေ့ရှိပြီး အထူးသဖြင့်တော့ တောင်ပေါ် ဒေသတွေဖြစ်တဲ့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေက ငလျင်ဒဏ်ကို ပိုမိုခံစားရလေ့ ရှိပါတယ်။
၂၀၁၉ ခုနှစ်ကလည်း စီချွမ်ပြည်နယ်မှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒဿမ သုည အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၁၃ ယောက်သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသလို အဆောက်အဦပေါင်းများစွာ ပျက်ဆီးခဲ့ရပါတယ်။
စီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၉ အဆင့်ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၈၇,၀၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရပါတယ်။ ၁၉၇၆ ခုနှစ်မှာလည်း တရုတ်နိုင်ငံ ၊ Tangshan မြို့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂၅၀,၀၀၀ သေဆုံးခဲ့ရပါတယ်။
Ref: CNA
You may also like these stories:
စစ်ကိုင်းပြတ်ရွေ့ကြော စင်ကာပူနှင့် ပူးပေါင်းလေ့လာမည်