ထိုင်းနိုင်ငံဟာ ၂ လကြာ ပိတ်ထားတဲ့ ဈေးဝယ်စင်တာတွေကို မေလ ၁၇ ရက်နေ့မှာ ပြန်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ လာရောက်မယ့်သူ များနိုင်တာမို့ COVID-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်အောင် လုပ်ငန်းရှင်များဘက်ကလည်း ရောဂါကြိုတင် ကာကွယ်ရေးတွေ လုပ်ဆောင်ထားရမယ်လို့ သတ်မှတ်ထားပါတယ်။
COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ဈေးဆိုင်လေးတွေကစလို့ ဈေးဝယ်စင်တာကြီးတွေကို လအတော်ကြာ ပိတ်ထားခဲ့ရာ အစိုးရက လုပ်ငန်းတချို့ကို ပြန်ဖွင့်ခွင့်ပြုလိုက်တာပါ။ ပထမဆုံးရက် မေလ ၁၇ ရက်နေ့မှာပဲ လူအများအပြား လာရောက်ခဲ့ကြပါတယ်။
စင်တာ မဖွင့်ခင် နာရီပိုင်းလောက်တည်းက အဆောက်အဦ အပြင်ဘက်မှာ တန်းစီ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို မြင်တွေ့ရမှာပါ။ စင်တာထဲ မဝင်ခင် ဈေးဝယ်သူတွေဟာ သတ်မှတ်ထားတဲ့ နှာခေါင်းစည်းအကာ Mask တပ်ရမှာဖြစ်သလို၊ တယောက်နဲ့ တယောက် အကွာအဝေးခြားပြီး ရပ်စောင့်ဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။
စင်တာတွေဘက်ကလည်း ဈေးဝယ်လာသူတိုင်းကို ကိုယ်အပူချိန်တိုင်း ကိရိယာနဲ့ တိုင်းတာရမှာ ဖြစ်သလို Social distancing သတ်မှတ်ချက်အတိုင်း အကွာအဝေး ခွာပြီး ရပ်စောင့်ခိုင်းရမယ် ဆိုပေမယ့် ပထမဆုံးရက်မှာ ဈေးဝယ်လာသူတွေ တိုးကြိတ်နေတာကြောင့် ယာယီပြန်ပိတ်သွားရတာတွေလည်း ရှိခဲ့ပါတယ်။
စင်တာမှာ အလုပ်လုပ်သူတွေကလည်း တနေရာတည်း ဈေးဝယ်သူတွေ အများအပြား ရောက်လာတဲ့အခါ သတ်မှတ်ထားတဲ့ Social distancing အတိုင်း ခပ်ခွာခွာ နေခိုင်းဖို့ဆိုတာ ခက်ခဲတယ်လို့ ဆိုပါတယ်။ “ဆိုင်တွေ ပြန်ဖွင့်လိုက်ပါပြီ။ အကောင်းဆုံးကတော့ ကြားရက်တွေမှာ လာနိုင်ရင် ပိုကောင်းပါတယ်” လို့ ဆိုင်ဝန်ထမ်းတဦးက ဆိုပါတယ်။
တချို့ဆိုင်တွေကတော့ လူစုပြုံတိုးလာမယ့် ပြဿနာကို ဖြေရှင်းဖို့ စမတ်ဖုန်းကတဆင့် ကြိုတင်စာရင်းပေးထားနိုင်တဲ့ Application မျိုးတွေ သုံးလာကြပါတယ်။
ဈေးဝယ်စင်တာတခုမှ တာဝန်ရှိသူတဦးက “ဈေးဝယ်လာသူတိုင်းကို ဝင်ပေါက်မှာ QR Code လေးတွေ ထားရှိပြီး စာရင်းသွင်းခိုင်းပါတယ်။ အချိန် ၂ နာရီတိုင်းမှာ ဧည့် သည် ၂၈,၀၀၀ ကျော်လောက် လက်ခံနိုင်ပါတယ်။ တကယ်လို့ ဒီ့ထက်များသွားရင် အထဲ ပေးမဝင်ဘဲ အပြင်မှာ စောင့်ခိုင်းထားတယ်” လို့ ဆိုပါတယ်။
ဈေးဝယ်စင်တာတချို့ကိုတော့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အစီအစဉ်အရ ဖွင့်လှစ်ခွင့် မပေးသေးဘဲ ရောဂါထိန်းချုပ်ရေး ကော်မတီထံကို ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ တင်ပြပြီးမှ ဆုံးဖြတ်မယ်လို့ ဆိုပါ တယ်။ ထိုင်းနိုင်ငံက လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ၃,၀၃၃ ဦး ကူးစက်ခံထားရပြီး သေဆုံးသူ ၅၆ ဦး ရှိပြီဖြစ်ပါတယ်။
Ref: Bangkok Post
You may also like these stories:
ထိုင်းမှာ နိုင်ငံတကာ လေကြောင်းခရီး သွားလာခွင့် ဇွန်လကုန်အထိ တိုးမြှင့်