အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ၊ Tirumala မြို့မှာရှိတဲ့ Sri Venkateswara ဘုရားကျောင်းဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘုရားကျောင်းကြီးပါ။ COVID-19 မဖြစ်ခင် ကာလတုန်းကတော့ ဘုရားကျောင်းကို ဘုရားဖူးလာကြသူ အရေအတွက်က နေ့စဉ် ၁ သိန်းနီးပါး ရှိခဲ့ပါတယ်။ နေ့စဉ် ဘုရားဖူးဧည့်သည်များစွာ လာရောက်ကြတဲ့အတွက် အလှူငွေလည်း မြောက်မြားစွာ ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံမှာ COVID-19 စတင်ကူးစက်ပြီး နိုင်ငံအနှံ့ Lockdown ချလိုက်တဲ့အခါမှာတော့ ဘုရားဖူးဧည့်သည်တွေ မလာတော့သလို အလှူငွေရရှိမှု ပမာဏလည်း ကျဆင်းသွားပါတယ်။
အခုဆိုရင် ဘုရားကျောင်းကြီးကို ပိတ်ထားခဲ့ရတဲ့ ရက်ပေါင်းက ၅၀ ရက်ထက် ကျော်လာခဲ့ပါပြီ။ ဆယ်စုနှစ်များစွာအတွင်း နှစ်စဉ်ရရှိနေတဲ့ အလှူငွေပမာဏကလည်း များစွာ ကျဆင်းသွားတဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ Lockdown ချလိုက်ကတည်းက အိန္ဒိယရူပီး ကုဋေ ၄၀၀ ဆုံးရှုံးခဲ့ရပါတယ်။
ဘုရားကျောင်း ဝေယျာဝစ္စ လုပ်ကိုင်နေသူတွေဟာ လခစားအနေနဲ့ လုပ်ကိုင်နေကြတာဖြစ်ပြီး နေ့စဉ်ကုန်ကျစရိတ်တွေလည်း ရှိနေပါတယ်။ Lockdown ချလိုက်ပြီးကတည်း ဘုရားကျောင်း ဂေါပကအဖွဲ့ဝင်တွေအနေနဲ့ လစာနဲ့ နေ့စဉ်ကုန်ကျစရိတ်အတွက် ရူပီး ကုဋေ ၃၀၀ အသုံးပြုခဲ့ရပါတယ်။ ဘုရားဖူးဧည့်သည်တွေ မလာရောက်ကြတော့တဲ့အတွက် နေ့စဉ် ကုန်ကျစရိတ်အတွက် အခက်အခဲ ရှိလာသလို ဝေယျာဝစ္စ လုပ်ကိုင်နေကြသူတွေကို လစာ ဆက်ပေးဖို့ မတတ်နိုင်ကြတော့ပါဘူး။
ဂေါပကအဖွဲ့ဝင်တွေအနေနဲ့လည်း အပ်ငွေ ကုဋေ ၁၄၀၀ နဲ့ ရွှေ ၈ တန်ကို မထိခိုက်စေဘဲ ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ COVID-19 ကြောင့် ဘုရားကျောင်း ပြန်ဖွင့်မယ့်အချိန်ကလည်း မရေမရာပါပဲ။ အခါကြီး ရက်ကြီးမျိုးတွေမှာ လူ ၁ သိန်းကျော်လာရောက်တဲ့ ဘုရားကျောင်းကြီးဟာ ခုချိန်တော့လည်း COVID-19 ကြောင့် တိတ်ဆိတ်နေပါတယ်။
ဘုရားကျောင်းဥက္ကဋ္ဌဖြစ်သူ YV Subba Reddy ကလည်း လစဉ် လက်မှတ်ရောင်းရငွေက ရူပီး ၂၀၀ နဲ့ ၂၂၀ ကုဋေကြားမှာရှိပြီး နှစ်စဉ် ရူပီး ၂၅၀၀ ကုဋေလောက် ရရှိတယ်လို့ ပြောပါတယ်။
၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရူပီး ၃၃၀၉ ကုဋေ ခန့်မှန်းထားပေမယ့် မတ်လမှာ စတင်ခဲ့တဲ့ Lockdown ကြောင့် ရူပီး ၁၅၀ နဲ့ ၁၇၅ ကုဋေကြားသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Sri Venkateswara ဘုရားကျောင်းကြီးဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံးသော ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။
Ref: timesofindia
You may also like these stories:
ဆိုင်ကလုန်းဝင်မယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသန်းချီကို ရွှေ့ပြောင်းထား
ဗြိတိန် ဆေးရုံပြင်ပမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁ သောင်းကျော် ရှိလာ
ပြင်သစ်က မူလတန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာ