Trend

တောင်ကိုရီးယားမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်းအတွင်း ပြန်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အနောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ အင်ချွန်းက ပြန်ဖွင့်ခဲ့တဲ့ ကျောင်းတွေကို ဖွင့်ပြီး နာရီပိုင်းအကြာမှာပဲ ပြန်ပိတ်ခဲ့ရပါတယ်။ မေလ ၂၀ ရက်က ပြန်ဖွင့်ခဲ့ပေမယ့် ကျောင်းသား၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆိုပါ COVID-19 ကူးစက်ခံထားရတဲ့ ကျောင်းသားတွေဟာ စဖွင့်တဲ့ရက် ဗုဒ္ဓဟူးနေ့က ကျောင်းလာတက်ခြင်း မရှိခဲ့ပေမယ့် အစောပိုင်းက တခြားကျောင်းသားတွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့နိုင်တာကြောင့် ကျောင်းဖွင့်ပြီး ၃ နာရီအကြာမှာ ပြန်ပိတ်ခဲ့ရတာပါ။ တောင်ကိုရီးယား ပညာရေးဝန်ကြီးကတော့ အင်ချွန်းမြို့က ကျောင်းတွေ ပြန်ဖွင့်နိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်းက အထက်တန်းကျောင်းတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး မေလလယ်မှာ ပထမဆုံးအကြိမ် စာသင်ခန်းတွေကို ပြန်ဖွင့်ခဲ့တာပါ။ အထက်တန်းကျောင်းတွေ ပြီးရင် တခြား အတန်းတွေကိုလည်း တခုချင်းစီ ပြန်ဖွင့်သွားဖို့ ရည်ရွယ်ထားပါတယ်။

ကျောင်းတွေ ပိတ်ထားချိန်မှာ ဧပြီလလယ်ထိ Online Class တွေ ဖွင့်လှစ်သင်ကြားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ တိုင်ကြားချက်တွေ ရှိခဲ့ပါတယ်။ ဆိုးလ်မြို့ အီထယ်ဝန် ရပ်ကွက်မှာဖြစ်ခဲ့တဲ့ ကူးစက်မှုကြောင့် အထက်တန်းကျောင်းတွေကို ပုံမှန် မျှော်မှန်းတာထက် ၁ ပတ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က လူပေါင်း ၂၃၆,၀၀၀ ကျော် လက်မှတ်ရေးထိုးပြီး ကျောင်းတွေ ပြန်ဖွင့်ဖို့ကို နောက်ဆုတ်ပေးဖို့ သမ္မတရုံး Website ကတဆင့် အသနားခံလွှာ တင်ပြခဲ့ကြပါတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် ကူးစက်မှုတွေ ရှိလာနိုင်ပြီး ဒုတိယလှိုင်း ကူးစက်မှု ဖြစ်လာနိုင်လို့ တောင်းဆိုခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ပြန်ဖွင့်မယ့် ကျောင်းတွေကို အပူချိန်တိုင်းစက်တွေ ထားရှိပြီး ၂၄ နာရီ အရေးပေါ် ကူညီရေးအစီအစဉ်တွေ ထားရှိမယ်လို့ ဆိုပါတယ်။ ကျောင်းဝင်ပေါက်တွေမှာ ဆရာတွေကိုယ်တိုင် ကျောင်းသားတွေကို အပူချိန်တိုင်းတာရမှာဖြစ်ပြီး ကိုယ်အပူချိန် မြင့်သူတွေ၊ ခေါင်းကိုက်၊ ချောင်းဆိုးနေသူတွေဆိုရင် ဝင်ခွင့် မပေးဖို့ ညွှန်ကြားထားပါတယ်။

အခုအစီအစဉ်တွေက ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးနဲ့ MERS ရောဂါတွေတုန်းကလည်း အလားတူ လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ တက်ရောက်မယ့် အထက်တန်းကျောင်းသားတွေကို Social distancing အတိုင်း နေထိုင်ရမှာဖြစ်ပြီး ကျောင်းတွင်း သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

စာသင်ခန်းတွေထဲမှာလည်း အကွာအဝေးခြားပြီး ထိုင်ရမှာဖြစ်လို့ နေရာ ကန့်သတ်ချက်အရ ကျောင်းသားတွေကို နှစ်ပိုင်းခွဲပြီး တပိုင်းကို ဆရာမနဲ့ သင်ကြားကာ နောက်တပိုင်းကိုတော့ ဗီဒီယိုကတဆင့် သင်ကြားဖို့ စီစဉ်ထားပါတယ်။

ကျောင်းဆရာတဦးကတော့ ဆရာတွေက စာသင်ကြားရေးပိုင်းအပြင် ဗိုင်းရပ်စ် ကာကွယ်ရေး၊ Quarantine စောင့်ကြည့်ရေးပိုင်းကိုပါ လုပ်ဆောင်နေရလို့ သင်ကြားရေးပိုင်းကို ပိုအာရုံစိုက်နိုင်အောင် ဝန်ထမ်းအင်အား ထပ်တိုးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

Ref: Asia Times

You may also like these stories:

ပြင်သစ်က မူလတန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာ

Covid-19 နှင့် ပညာသင်ကြားရေးစနစ် အပြောင်းအလဲ

Loading