အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူပြီးရင် အင်ဒိုနီးရှားနိုင်ငံက COVID-19 ကူးစက်လူနာ ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် လူပေါင်း ၁,၂၇၈ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၂၀,၀၀၀ ကျော် ရောဂါကူးစက်ခံနေရပါတယ်။ အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း အီရန်၊ တရုတ်၊ တူရကီ၊ အိန္ဒိယပြီးရင် အင်ဒိုနီးရှားနိုင်ငံက ပဉ္စမမြောက် လူသေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါ တယ်။ ရောဂါကူးစက်ခံရသူ အရေအတွက်အရ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Retno Marsudi က အင်ဒိုနီးရှားနိုင်ငံက ပြည်ပက ပြန်လာကြတဲ့ နိုင်ငံသားတွေကြောင့် COVID-19 လှိုင်းသစ်နဲ့ ရင်ဆိုင်နေရ ကြောင်း ပြောခဲ့ပါသေးတယ်။
ကမ္ဘာတဝှမ်း ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာချိန်မှာတော့ ကူးစက် လူနာတွေတင်မက ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ကပ်ရောဂါရဲ့ သားကောင်အဖြစ်ကို ကျရောက်နေရပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း COVID-19 ကို ရှေ့တန်းကနေ တိုက်ခိုက်ပေးနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ ဆုံးရှုံးနေရပါတယ်။
မေလ ၂၀ ရက်နေ့မှာတော့ အင်ဒိုနီးရှားဆေးပညာအသင်း(IDI) က ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံက ဆရာဝန်စုစုပေါင်း အနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာလည်း North Sumatra တက္ကသိုလ်က အာရုံကြောပါရဂူတယောက် ဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် Irsan Nofi Hardi Nara Lubis ဆိုသူဟာ Medan မြို့ဆေးရုံမှာ ၄ ရက်ကြာ ဆေးကုသမှုခံယူပြီးတဲ့နောက် COVID-19 ကြောင့် သေဆုံးသွားခဲ့ရပါတယ်။
တက္ကသိုလ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Aris Yudhariansyah က သေဆုံးသွားတဲ့ အာရုံကြောပါရဂူဟာ COVID-19 ကူးစက်ခံခဲ့ရတဲ့အတွက် Colombia Asia Medan ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သေဆုံးသူ ပါရဂူနဲ့ ထိတွေ့ခဲ့သူ အားလုံးကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။
အာရုံကြော ပါရဂူရဲ့ဇနီးကလည်း ဆရာဝန်တယောက်ဖြစ်ပြီး အခုချိန်မှာတော့ သူမကိုလည်း နေအိမ်မှာ သီးသန့်ခွဲပြီး နေထိုင်ထားတယ်လို့ Aris က ပြောပါတယ်။
သေဆုံးသူ ပါရဂူကြီးဟာ လူနာတွေကို ဖိဖိစီးစီး ကုသပေးခဲ့သူတယောက်ဖြစ်သလို ဆေးပညာဆိုင်ရာ ကျွမ်းကျင် ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက် အခုလို COVID-19 ကြောင့် သေဆုံးသွားရတာ ဝမ်းနည်းမိကြောင်းနဲ့ သူဟာ အားလုံးအတွက် စံပြပုဂ္ဂိုလ်တယောက် ဖြစ်တဲ့အကြောင်း North Sumatra တက္ကသိုလ်မှ Evi Sumianto က ပြောပါတယ်။
အင်ဒိုနီးရှားသူနာပြုအသင်း (PPNI)ကလည်း နိုင်ငံတဝှမ်းမှာ COVID-19 ကြောင့် သူနာပြုပေါင်း ၂၀ သေဆုံးခဲ့ပြီလို့ ပြောထားပေမယ့် တကယ်တမ်းမှာတော့ သေဆုံးသူ အရေအတွက်က ပိုများနိုင်တယ်လို့ သိရပါတယ်။
Ref: thejakartapost