ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်မှာ အပြင်ထွက်တာနဲ့ အကာအကွယ် Mask တပ်ဖို့ တိုက်တွန်းထားပေမယ့်လည်း လေ့ကျင့်ခန်း ထွက်လုပ်မယ့်သူတွေအတွက်တော့ Mask တပ်ပြီး လုပ်တာဟာ အသက်ရှုရခက်ခဲစေ တယ်လို့ ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။
အခုလို ကပ်ရောဂါအချိန်အတွင်း လူတိုင်း အပြင်ထွက်မယ်ဆိုရင် Mask တပ်ဆင်ရမယ်ဆိုပေမယ့် ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတဲ့အခါ အကာအကွယ် Mask တွေ မအုပ်ကြဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ Mask တပ်တာဟာ စိတ်မသက်မသာ ဖြစ်စေပြီး အသက်ရှုဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။
ဝူဟန်မြို့က အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးဟာ Mask တပ်ပြီး ကိုယ်လက်လေ့ကျင့်ခန်းအတွက် ခပ်မှန်မှန် ပြေးနေစဉ်မှာ ရင့်ဘတ်အောင့်နာကျင်ဝေဒနာကို ခံစားခဲ့ရပါတယ်။ သူဟာ နှစ်လကြာ ဝူဟန်မြို့ကို Lockdown ချခံရအပြီး ပြန်လည်ဖြေလျော့ပေးလိုက်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အပြင်ကို ထွက်လာခဲ့ တာပါ။
၆ ကီလိုမီတာလောက် ခပ်မှန်မှန်လေးပြေးကျင့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၃ ကီလိုမီတာလောက်မှာ ရင်ဘတ်အောင့် လာတာကြောင့် အိမ်ကိုပြန်လာခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ ဆေးရုံသွားပြခဲ့ပါတယ်။
ပြေးနေစဉ်မှာ Mask တပ်ထားမိလို့ အဆုတ်က အောက်စီဂျင်လုံလုံလောက် မရတာကြောင့် နှလုံး ညာဘက်ခြမ်းက အောင့်တဲ့ဝေဒနာခံစားခဲ့ရတာလို့ ဆရာဝန်က ဆိုပါတယ်။ အခုတော့ ဆေးရုံတက်ရောက်ကုသခဲ့ပြီး ပြန်လည် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။
ဆရာဝန်တွေက အခုလို ကပ်ရောဂါအချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပြီး အကာအကွယ် Mask တွေတပ်ပြီး ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ကြဖို့ သတိပေးထားသလို၊ ဖြစ်နိုင်ရင် အိမ်ပြင် ထွက်တာထက် အိမ်တွင်းလေ့ကျင့်ခန်းတွေပဲ တတ်နိုင်သလောက်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံ ကန့်သတ်ကာလအပြီး ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းသားတွေကို Mask တပ်ဖို့ သတ်မှတ်ထားတာ ကြောင့် အချိန်ပြည့်တပ်ဆင်ထားရပါတယ်။ မေလ ၁၁ ရက် မီဒီယာတွေမှာ တရုတ်အရှေ့ပိုင်း Zhejiang ဒေသက ကျောင်းမှာ ကာယချိန်အတွင်း ကလေးငယ်တွေဟာ Mask တပ်ပြီး ကိုယ်လက်လှုပ်ရှား လုပ်ခဲ့တာကြောင့် ၃ယောက်သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ကလေးငယ်တွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဆေးဘက်ဆိုင်ရာသုံး N95 Mask တပ်ဆင်ထားတယ်လို့ ဆို ပါတယ်။ ဒါကြောင့် Beijing Youth နေ့စဉ်သတင်းစာမှာ ကျောင်းသားတွေဟာ ပြင်းပြင်းထန်ထန် ကိုယ်လက် လှုပ်ရှားလုပ်မယ် ဆိုရင် N95 Mask လိုမျိုးမဝတ်ဖို့ အကြံပေးထားသလို အကယ်၍ တယောက်နဲ့တယောက် စိတ်ချရတဲ့ အကွာအဝေး ရှိမယ်ဆိုရင် Mask မတပ်ကြဖို့ ဆရာဝန်တွေရဲ့အကြံပေးချက်ကို ဖော်ပြထားပါတယ်။
Ref: The Smart Local / NHK
You may also like these stories:
ကိုဗစ် ကာလအတွင်း အချစ်မှတ်တိုင် စိုက်ထူခဲ့ကြတဲ့ စုံတွဲများ
လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် Mask တပ်ခဲ့တဲ့ သမ္မတ ထရမ့်