ကမ္ဘာတဝှမ်း COVID-19 စတင်ပြန့်ပွားလာပြီးနောက် နိုင်ငံတကာမှာ စီးပွားရေး အကျပ်အတည်း ဖြစ်ခဲ့ရပါတယ်။ နိုင်ငံအများစုအနေနဲ့ စီးပွားရေးဂယက် ရိုက်ခတ်မှုကနေ မရှောင်တိမ်းနိုင်ခဲ့သလို ထိုင်းနိုင်ငံလည်း မရှောင်တိမ်းနိုင်ခဲ့ပါဘူး။
ထိုင်းနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားကတော့ COVID-19 ထက် စီးပွားရေးအကျပ်အတည်းကြောင့် လူသေဆုံးမှု ပိုမိုများပြားလာနေတာပါ။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နေကြတဲ့ လူအရေအတွက် လျော့နည်းသွားအောင် ထိုင်းအစိုးရအနေနဲ့ စီးပွားရေးအကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို အမြန်ဆုံးရှာဖွေသင့်ကြောင်း ပညာရှင်တွေက သတိပေးနေပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၃,၀၄၀ ယောက်ရှိနေပြီး ၅၆ ယောက် သေဆုံးခဲ့ပါ တယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်လူနာသစ် မရှိခဲ့သလို သေဆုံးသူလည်း မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံ COVID-19 အခြေအနေ စီမံခန့်ခွဲမှု စင်တာမှ Dr.Panprapa Yongtrakul ကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ဟာ COVID-19 ကူးစက် လူနာသစ် ထပ်မတွေ့ရတဲ့ ၄ ကြိမ်မြောက်နေ့ပါပဲလို့ ပြောကြားခဲ့ပါတယ်။
မေလအတွင်း ထိုင်းနိုင်ငံမှာ ကူးစက်လူနာသစ် မတွေ့ရတဲ့နေ့က ၄ ရက်သာ ရှိခဲ့ပါတယ်။ ကူးစက်လူနာ ၃,၀၄၀ ယောက်ထဲက ၂,၉၂၁ ယောက်ကတော့ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့တဲ့အတွက် ဆေးရုံက ဆင်းနိုင်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ပြန့်ပွားလာပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေကလည်းများပြားလာခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ကိုဗစ်အပြင် ကိုယ့်ကိုယ်ကို သေကြောင်းကြံ စည်မှုပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ထိုင်းနိုင်ငံဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုအဆင့် နံပါတ် ၃၂ နေရာမှာရှိနေခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း COVID-19 ထက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် သေဆုံးရတဲ့ လူပမာဏက ထိုင်းနိုင်ငံမှာ ပိုများလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။ ကျန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
COVID-19 နဲ့ စီးပွားရေး ပျက်စီးမှုတွေက ထိုင်းနိုင်ငံကို လူသေဆုံးမှု ပိုများလာအောင် တွန်းပို့ပေးနေ သလိုပါပဲ။ ဒါကြောင့်လည်း စီးပွားရေးပြိုကျမှုတွေကို အမြန်ဆုံး တားဆီးသင့်တယ်လို့ ပညာရှင်တွေ က ထိုင်းအစိုးရကို သတိပေးနေပါတယ်။
ထိုင်းနိုင်ငံလူဦးရေ ၁ သိန်းမှာ ၁၄ ဒဿမ ၄ ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်နေကြပြီး တနှစ်ကို လူ ၁ သောင်း သေဆုံးနေရပါတယ်။ ထိုင်းနိုင်ငံမှာ Lockdown ချပြီးနောက်ပိုင်း အလုပ်ထုတ်ခံလိုက်ရတဲ့အတွက် ဧပြီလကုန်ပိုင်းလောက်မှာ အနည်းဆုံးလူပေါင်း ၃၈ ယောက် သေကြောင်းကြံစည်ခဲ့ပြီး ၂၈ ယောက် သေဆုံးခဲ့ပါတယ်။
Ref: chaingraitimes, thediplomat