COVID -19 ကာလအတွင်း နိုင်ငံအများစုအနေနဲ့ စာသင်ကျောင်းတွေကို ပြန်ဖွင့်နိုင်အောင် ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လာမယ့် စာသင်နှစ်ကို အွန်လိုင်းစနစ်နဲ့ သင်ကြားနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေသလို မြန်မာနိုင်ငံအနေနဲ့လည်း COVID-19 ကြောင့် ပုံမှန်အချိန်မှာ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အခြေခံပညာကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းအဆင့်တွေကို စတင်ဖွင့်လှစ်မှာဖြစ်ပြီး ၂ ပတ်ကြာ စမ်းသပ် သင်ကြားပြီးတဲ့နောက် အခြေအနေ ကောင်းတယ်ဆိုရင် အလယ်တန်းအဆင့်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အလယ်တန်းအဆင့် ဖွင့်လှစ်ပြီး ၁ ပတ်အကြာမှာတော့ မူလတန်းအဆင့်ကို ဆက်ဖွင့်သွားမယ်လို့ သိရပါတယ်။ COVID-19 အကျပ်အတည်းကာလမှာ ကျောင်းပြန်ဖွင့်တာကို ထောက်ခံသူတွေရှိသလို ဆန့်ကျင် ကန့်ကွက်သူတွေလည်း နိုင်ငံတကာမှာ ရှိနေပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကတော့ COVID-19 ရောဂါ ကာကွယ်ဆေး မပေါ်မချင်း ကလေးတွေကို ကျောင်းသွားခိုင်းတာမျိုး ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဖိလစ်ပိုင်က စာသင်ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ COVID-19 ကာကွယ်ဆေး ရဖို့ ဆိုတာကလည်း အချိန် အတိုင်းအတာတခုအထိ ကြာဦးမှာ ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မတ်လကစတင်ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို COVID-19 ကြောင့် ပိတ်ခဲ့ရပြီး ၂၅ သန်းကျော်ရှိတဲ့ ကျောင်းသားတွေကို သြဂုတ်လကုန်ပိုင်းလောက်မှာ ကျောင်းပြန်တက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း မေလ ၂၅ ရက်နေ့က ပြောကြားခဲ့တဲ့ ဒူတာဒေးရဲ့ မိန့်ခွန်းမှာတော့ ကျောင်းတွေ ပိတ်ထားတဲ့အတွက် ကလေးတွေရဲ့ပညာရေးကို ထိခိုက်နိုင်မှာဖြစ်ပေမယ့် ကျောင်းပြန်တက်ခိုင်းရမှာလည်း အန္တရာယ်များလွန်တယ်လို့ ပါရှိပါတယ်။
သမ္မတ ဒူတာဒေးက “ကလေးတွေအတွက် လုံခြုံမှု မရှိဘဲ ကျောင်းတွေ ပြန်ဖွင့်လည်း အလကားပါပဲ” လို့ ပြောဆိုခဲ့သလို “ကာကွယ်ဆေးရဖို့က ပထမဖြစ်ပြီး ကာကွယ်ဆေးသာရခဲ့ရင် အဆင်ပြေပါပြီ။ တယောက်မှ ဘွဲ့မရဘူးဆိုရင်လည်း ထားလိုက်ပါ”လို့ ပြောဆိုခဲ့ပါတယ်။
COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေးရရှိနိုင်ဖို့ ကမ္ဘာတဝှမ်းက သုတေသနပညာရှင်တွေ ကြိုးစားနေကြပေမယ့် ဆေးရရှိမယ့်အချိန်ကို မခန့်မှန်းနိုင်သလို ရလာရင်လည်း လုံလုံလောက်လောက် ဖြန့်ဖြူးနိုင်မလားဆိုတာ မသေချာပါဘူး။
ပုံမှန်အားဖြင့်တော့ ဖိလစ်ပိုင်က အစိုးရ စာသင်ကျောင်းတွေကို ဇွန်လကနေ ဧပြီလအထိ ဖွင့်လေ့ ရှိပါတယ်။ ပိုးတွေ့သူဦးရေ များလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံကို Lockdown ချလိုက်သလို ကျောင်းဖွင့်ရက်တွေကိုလည်း နောက်ဆုတ်ခဲ့ရပါတယ်။
ဖိလစ်ပိုင် ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းတွေမှာ လူဦးရေ မများရအောင် အွန်လိုင်းစနစ်နဲ့ သင်ကြားပေးသွားမယ်လို့ ကြေညာထားပေမယ့် သန်းနဲ့ချီတဲ့ ဆင်းရဲသူတွေမှာ ကွန်ပျူတာ မပိုင်ဆိုင် ထားကြပါဘူး။
Ref: Bangkokpost
You may also like these stories:
ဖိလစ်ပိုင်မှာ နိုင်ငံတွင်း ကန့်သတ်ချက်များ လျှော့ချ
Lockdown မလိုက်နာသူတွေကို ပစ်သတ်မယ်လို့ ဒူတာတေး ပြော