Trend

နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဂျပန်

ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေကြောင့် အိန္ဒိယအပြင် နောက်ထပ် နိုင်ငံ ၁၀ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်မယ်ယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေလ ၂၅ ရက်၊ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့က စတင်အကျုံးဝင်မှာဖြစ်ပြီး ၁၄ ရက်အတွင်း အဆိုပါနိုင်ငံတွေကို သွားရောက်ထားသူ မည်သူမဆို ဂျပန်နိုင်ငံအတွင်းကို ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

အိန္ဒိယအပြင် နောက်ထပ်ပိတ်ပင်ထားတဲ့ အာဖဂန်နစ္စတန်၊ အာဂျင်တီးနား၊ ဘဂ်လားဒေ့ရှ်၊ အယ်လ်ဆာဗေးဒိုး၊ ဂါနာ၊ ဂီနီယာ၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ တောင်အာဖရိကနဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေကို သွားရောက်ထားသူတွေလည်း ပြည်ဝင်ခွင့် ပိတ်ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ယခင်အပတ်ကစလို့ အဆိုပါနိုင်ငံတွေကို ဘယ်လိုအကြောင်းရာနဲ့မှ မသွားကြဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ အခုထပ်တိုးလိုက်တဲ့ နိုင်ငံတွေနဲ့ပါဆိုရင် စုစုပေါင်း နိုင်ငံ ၁၁၁ ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့နိုင်တွေထဲမှာ အမေရိကန်နဲ့ အာရှတိုက်မှာဆိုရင် တောင်ကိုရီးယားနဲ့ ဥရောပက နိုင်ငံအားလုံးနီးပါး ပါဝင်နေပါတယ်။ ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ ၁၄ ရက်အတွင်း နေထိုင်ခဲ့တဲ့ မည်သူမဆို ဂျပန်နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်မရဘဲ ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်းသွားမယ်ဆိုပေမယ့် ကန့်သတ်ထိန်းချုပ်မှုတွေ ရှိနေဦးမှာဖြစ်သလို ပြန်လည် ရောက်ရှိလာမယ့် ဂျပန်နိုင်ငံသားတွေလည်း ၁၄ ရက် ကန့်သတ်သွားလာခွင့် Quarantine ဝင်ရဦးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက ဆိုပါတယ်။

ကမ္ဘာ့တတိယ စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဂျပန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှု ကျဆင်းသွားသလို ဂျပန်ခရီးသွားအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ မှာ ပြည်တွင်းခရီးသွား လည်ပတ်မှုဟာ ၉၉ ဒဿမ ၉ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၆၂၃ ဦးရှိပြီး သေဆုံးသူ ၈၄၆ ဦး ရှိခဲ့ပါတယ်။ မေလ ၂၅ ရက်မှာ ဝန်ကြီးချုပ် အာဘေးက ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ ကျန်ရှိနေတဲ့ မြို့တော် တိုကျိုကိုလည်း အရေးပေါ်အခြေအနေကနေ ပြန်လည် ရုပ်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ မြောက်ပိုင်းဒေသတွေကိုတော့ အရင်ပတ်ကတည်းက အရေးပေါ်အခြေအနေကနေ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

Ref: Kyodo News

You may also like these stories:

ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်တော့မယ့် ဂရိနိုင်ငံ

ဥရောပ အပါအဝင် ၇ နိုင်ငံ မြန်မာ ပြည်ဝင်ခွင့် ကန့်သတ်

Loading