အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြီးတန်း အကြံပေးဖြစ်သူ Dominic Cummings ဟာ အသွားအလာကန့်သတ်မှုကို ချိုးဖောက်ပြီး မိုင် ၂၆၀ ကားမောင်းပြီး ခရီးသွားခဲ့တာ ဥပဒေကို ချိုးဖောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ ဗြိတိန်နိုင်ငံသား အားလုံးကို နေအိမ်အတွင်းမှာပဲ နေထိုင်ဖို့နဲ့ အဝေးရောက်မိသားစုဝင်တွေကို သွားရောက် တွေ့ဆုံမှုတွေ မလုပ်ဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ ဝန်ကြီးချုပ်ရဲ့ အကြံပေး Dominic Cummings ဟာ ဝန်ကြီးချုပ်ရုံးရှိရာ ဒေါင်းနင်းလမ်းကနေ ထွက်ခွာပြီး နေအိမ်ကို ပြန်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော့် အမျိုးသမီးက သူနေလို့ မကောင်းကြောင်းကို ရုတ်တရက် ဖုန်းဆက်ပြီး ပြောတာကြောင့် ကျနော် အိမ်ပြန်ခဲ့ပါတယ်”လို့ Dominic Cummings က ပြောပါတယ်။ အိမ်ပြန်ပြီး ခဏအကြာမှာတော့ ဇနီးဖြစ်သူက နေကောင်းလာတဲ့အတွက် အလုပ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။
စည်းကမ်းထုတ်ပြန်ချက်အတွင်းမှာတော့ အိမ်မှာ နေထိုင်တဲ့ မိသားစုဝင်တဦး နေထိုင် မကောင်းရင် အိမ်ရှိ လူတွေအနေနဲ့ ၁၄ ရက် စောင့်ကြည့်ခံရမှာဖြစ်ပြီး နေအိမ်ပြင်ပကို ထွက်ခွင့်မပေးထားပါဘူး။ ဒါပေမဲ့ အဲဒီနေ့ ညနေပိုင်းမှာတော့ အကြံပေး Dominic Cummings ဟာ ဇနီးဖြစ်သူနဲ့ အသက် ၄ နှစ်အရွယ် ကလေးကို ခေါ်ပြီး မိုင်း ၂၆၀ ဝေးတဲ့ မိဘအိမ်ကို သွားခဲ့တယ်လို့ သိရပါတယ်။
သန်းခေါင်ယံ အချိန်မှာတော့ သွားလိုရာ နေရာကို ရောက်ရှိသွားခဲ့ပြီး ဒီလို လုပ်ရတာဟာ သူတို့လင်မယား နှစ်ယောက်လုံး နေမကောင်းဖြစ်ပါက ကလေးကို စောင့်ရှောက်ပေးမယ့်သူ မရှိတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့အိပ်ယာထချိန်မှာတော့ Dominic Cummingsဟာ ခန္ဓာကိုယ်ကိုက်ခဲခြင်းနဲ့ COVID-19 လက္ခဏာများကို စတင်ခံစားခဲ့ရတယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေက Dominic Cummings ရဲ့ မိဘများကို ဆက်သွယ်ကြည့်ရာမှာတော့ Dominic Cummings က နေအိမ်ကို ရောက်လာခဲ့တယ်လို့ မိဘများက အတည်ပြု ပြောဆိုပေးခဲ့ပါတယ်။
ကလေးလည်း ရောဂါကူးစက်ခံရပြီးချိန်မှာတော့ Dominic Cummings ရဲ့ မိခင်ဖြစ်သူ လန်ဒန်မြို့ကို ပြန်သင့်ကြောင်း အကြံပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ Dominic Cummings ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူပြီး ဧပြီလ ၁၃ ရက်နေ့မှာ လန်ဒန်ကို ပြန်သွားခဲ့ပါတယ်။
အခုလို ပြုလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး Dominic Cummings က “ကျနော့်အနေနဲ့ ကျနော့် အခြေအနေမှာ လုပ်ဖို့ လိုအပ်တာကို လုပ်ခဲ့တာပါ။ ကျနော် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တရတာမျိုး မရှိပါဘူး”လို့ သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။
Dominic Cummings ဟာ နိုင်ငံရဲ့ အကြီးတန်းအကြံပေး ဖြစ်တာကြောင့် စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။
Ref. BBC
You may also like these stories:
အိန္ဒိယမှာ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ကျိုင်းကောင် ကျရောက်မှု ကြုံနေ
၉ ရက်အတွင်း ဝူဟန်မှာ လူပေါင်း ၆ သန်းကျော်ကို COVID-19 စစ်ဆေး
နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဂျပန်