အမေရိကန်နိုင်ငံဟာ COVID-19 ကပ်ရောဂါဆိုးကြီးကို အဆိုးရွားဆုံး ခံစားနေတရတဲ့ နိုင်ငံတနိုင်ငံပါ။ အမေရိကန်မှာ လူပေါင်း ၁ သန်း ၇ သိန်းကျော် ရောဂါကူးစက်ခံနေရပြီး ၁ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ၄ လတာကာလအတွင်း COVID-19 ကြောင့် လူ ၁ သိန်းကျော် သေဆုံးခဲ့ရတာ မယုံနိုင်စရာပါပဲ။
အဆိုပါ သေဆုံးမှုပမာဏဟာ အမေရိကန် – ဗီယက်နမ် စစ်ပွဲကာလက သေဆုံးခဲ့တဲ့ လူ အရေအတွက်ထက် ၂ ဆ နီးပါးရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး COVID-19 ကြောင့် လူသေဆုံးမှု စတင်ခဲ့ပြီး ပျမ်းမျှ လူ ၉၀၀ နီးပါး နေ့စဉ် သေဆုံးခဲ့ရပါတယ်။
Johns Hopkins တက္ကသိုလ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မေလ ၂၇ ရက်နေ့မှာ COVID-19 ကြောင့် အမေရိကန်မှာ လူပေါင်း ၁၀၀,၄၁၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီကနေ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ အမေရိကန်မှာ လူပေါင်း ၁၀၂,၁၀၇ ဦး သေဆုံးခဲ့ပါတယ်။
ထုတ်ပြန်ထားတဲ့ စာရင်းတွေက အတိအကျ မှန်ကန်မှုတော့ မရှိပါဘူး။ ဆေးရုံမှာ မဟုတ်ဘဲ နေအိမ်တွေမှာ သေဆုံးခဲ့သူ အရေအတွက်ကို စာရင်းမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့လည်း သေဆုံးသူ စာရင်းနဲ့ ပတ်သက်ပြီး ချက်ချင်း တုန့်ပြန် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
COVID-19 ကြောင့် လူသေဆုံးမှုအများဆုံး ၅ နိုင်ငံစာရင်းမှာ ပါဝင်တဲ့ ဗြိတိန်နိုင်ငံအနေနဲ့လည်း သေဆုံးသူ အရေအတွက်ကို တိတိကျကျ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
စာရင်းအင်းတွေအရ ဗြိတိန်မှာ COVID-19 ကြောင့် လူပေါင်း ၄၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပေမယ့် ဗြိတိန်အစိုးရကတော့ လူပေါင်း ၃၇,၄၆၀ ကိုသာ စာရင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှုအများဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ စပိန်နဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။
ပထမ ကမ္ဘာစစ်အတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန် စုစုပေါင်းအရေအတွက် ၁၁၆,၀၀၀ ယောက် ရှိခဲ့ပါ တယ်။ အခုဆိုရင်တော့ COVID- 19 ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၁ သိန်း ကျော်လာခဲ့ပြီဖြစ်တဲ့အတွက် ပထမကမ္ဘာစစ်နီးပါး ရှိလာပါပြီ။ အမေရိကန်မှာ သေဆုံးသူ အရေအတွက်က ထပ်ပြီးမြင့်တက်နေမယ့် သဘော ရှိနေပါတယ်။
ဒါကြောင့်လည်း ပြည်နယ်အစိုးရတွေအနေနဲ့ လူသေဆုံးမှုကို လျှော့ချနိုင်ဖို့နဲ့ အရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်နယ်အစိုးရတွေကလည်း သေဆုံးသူအရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ပြောဆိုနေကြပါတယ်။
Ref: CNN, theguardian
You may also like these stories:
Lockdown စည်းကမ်းကို ဖောက်ဖျက်ခဲ့တဲ့ Dominic Cummings
၉ ရက်အတွင်း ဝူဟန်မှာ လူပေါင်း ၆ သန်းကျော်ကို COVID-19 စစ်ဆေး
မကာအိုကို လောင်းကစားမြို့တော် ဖြစ်စေခဲ့သူ Stanley Ho ကွယ်လွန်ပြီ