အမေရိကန်နိုင်ငံ၊ Minneapolis မြို့မှာ အသက် ၄၆ နှစ်အရွယ် ဂျော့ဂျ်ဖလွိုင်ဒ် (George Floyd) လို့ အမည်ရတဲ့ လူမည်းအမျိုးသားဟာ တရားမဝင် ငွေတုသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သံသယရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အဆိုပါ လူမည်းအမျိုးသား ဖမ်းဆီးခံရချိန်မှာ ရုန်းကန်ခြင်း မရှိပေမယ့် လူမျိုးရေးခွဲခြားတဲ့ ရဲအရာရှိက ဖမ်းဆီးရေးဥပဒေတွေကို ချိုးဖောက်ပြီး လူမည်းအမျိုးသားရဲ့ လည်မျိုကို ၈ မိနစ်ကြာ ဖိထားခဲ့တာကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမှုဟာ မေလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူမည်းအမျိုးသားကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တဦးက လည်ပင်းကို ဒူးခေါင်းနဲ့ ဖိနင်းထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ဂျော့ဂျ်က အသက်ရှူလို့ မရတော့ကြောင်း ပြောခဲ့တာကိုလည်း ဗီဒီယိုမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်
ဂျော့ဂျ်က အသက်ရှုမရကြောင်းကို တောင်းပန်ခဲ့ပေမယ့် ရဲကတော့ လွှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒဏ်ရာတွေကြောင့်ပဲ ဂျော့ဂျ်က သေဆုံးသွားခဲ့ပါတယ်။ ရဲအရာရှိက ဂျော့ဂျ်ကို ဖမ်းဆီးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့သွားပြီး လူအများက ဒေါသထွက်ခဲ့ကြပါတယ်။
အဲဒီလို ရက်စက်တဲ့ နည်းနဲ့ သံသယရှိသူကို ဖမ်းဆီးခဲ့တဲ့ ရဲ ၄ ဦးကို ရဲဌာနက အလုပ်ထုတ်လိုက်ပြီဖြစ်တယ်လို့ Minneapolis မြို့ရဲ့ မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
This one needs to charged with 1st degree murder. And the other 3, accessory to murder. #GeorgeFloyd was murdered by Minneapolis police. pic.twitter.com/oFBzBxohuh
— LAC (@HumanitarianGal) May 26, 2020
“သံသယတရားခံဖြစ်တဲ့ ဂျော့ဂျ်ဖလွိုင်ဒ်ကို ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ ၄ ဦးကို တာဝန်က ရပ်နားလိုက်ပါပြီ။ ဒါဟာ လုပ်ကို လုပ်ရမယ့် ကိစ္စပါပဲ”လို့ မြို့တော်ဝန် Jacob Frey က ရေးသားထားပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသား ဂျော့ဂျ် သေဆုံးမှုအပေါ် မကျေနပ်ကြသူတွေက မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာ စတင်ဆန္ဒပြခဲ့ကြပြီး အခင်းဖြစ်ပွားခဲ့တဲ့ လမ်းဆုံနေရာကို လူဦးရေ ရာနဲ့ချီ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စီစဉ်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြရန်နဲ့ COVID-19 စည်းကမ်းများအရ လူချဲနေကြရန် ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
မေလ ၂၇ ရက် ညပိုင်းမှာလည်း ဆက်လက်ဆန္ဒပြခဲ့ကြပြီး လူဦးရေ ထောင်နဲ့ချီ ပါဝင်လာခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲများနဲ့ ပစ်ပေါက်ခြင်းနဲ့ အချို့က မျက်ရည်ယို ဗုံးတွေကို ကောက်ယူပြီး ပြန်လည်ပစ်ပေါက်မှုတွေ ရှိလာခဲ့ပါတယ်။
အကြမ်းဖက် ဆူပူမှုတွေ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ဂျော့ဂျ်ကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရဲစခန်းအနီးမှာ အပျက်အစီးများ အဆိုးဆုံး ဖြစ်ခဲ့တယ်လို သိရပါတယ်။
Ref. lawandcrime.com