ထိုင်းနိုင်ငံအပါအဝင် တခြား အာဆီယံနိုင်ငံတွေမှာ COVID-19 ကူးစက်မှုနှုန်းတွေ ကျဆင်းနေပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ မေလ ၂၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရက်အတွင်း လူပေါင်း ၅၃၉ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၁၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ရောဂါ ကူးစက်ခံနေရသူပေါင်း ၁၅,၅၈၈ ယောက် ရှိနေပြီး ၉၂၁ ယောက် သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်ကျန်း မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကူးစက်လူနာထဲက ၃,၅၈၉ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်မှာ COVID-19 ကူးစက်မှုတွေ များပြားလာပေမယ့် သမ္မတ ဒူတာဒေးအနေနဲ့ Lockdown လုပ်ထားတဲ့ မနီလာမြို့ကို ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးဖို့ လူတွေက တောင်းဆိုနေကြပါတယ်။
ဖိလစ်ပိုင် အာဏာပိုင်တွေအနေနဲ့ COVID-19 ရောဂါကို လျှို့ဝှက်ကုသပေးနေတဲ့ ဆေးခန်းတွေကိုလည်း ဖော်ထုတ်အရေးယူတာမျိုး ဆောင်ရွက်နေသလို စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ တရားရေးဝန်ကြီးဖြစ်တဲ့ Mendardo Guevarrq ကလည်း နိုင်ငံခြားသားတွေ သွားလာလေ့ ရှိတဲ့နေရာတွေကို သေချာစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
COVID-19 ကို ဆေးခန်းတွေမှာ ကြိတ်ကုသနေကြတာက အန္တရာယ်များတဲ့ လုပ်ရပ်ပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ဆေးခန်းတခုမှာ ကြိတ်ကုသနေတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဖိလစ်ပိုင်အစိုးရအနေနဲ့ COVID-19 ရောဂါကို ကြိတ်ပြီးကုသပေးနေတဲ့ ဆေးခန်းတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက COVID-19 ကူးစက်ခံနေရသူပေါင်း ၃၃,၂၄၉ ယောက်ရှိ နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ ၂၅,၂၁၆ ယောက် ရှိနေပါတယ်။ အရှေ့တောင်အာရှမှာတော့ ဖိလစ်ပိုင်နိုင်ငံက ကူးစက်သူ တတိယအများဆုံးနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Ref:chiangraitimes
You may also like these stories:
လူမည်းအမျိုးသားကို သေဆုံးစေခဲ့တဲ့ ရဲဝန်ထမ်း ၄ ဦး တာဝန် ရပ်နားခံရ
အွန်လိုင်းစနစ်ကြောင့် ထိုင်းမှာ ကလေး ၇ သိန်းနီးပါး ပညာသင်ကြားခွင့် မရ
ဘင်္ဂလားဒေ့ရှ်မှာ ဆေးရုံမီးလောင်မှုကြောင့် ကိုဗစ် လူနာများ သေဆုံး