စင်ကာပူနိုင်ငံရဲ့ တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှု ဒုတိယဆင့်ကို ဇွန်လကုန် မတိုင်ခင် ပြန်လည် ဖြေလျှော့ပေးနိုင်တယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Lawrence Wong က မေလ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပထမအဆင့်ကိုတော့ နိုင်ငံတွင်း ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်ပြီး ဇွန်လ ပထမနှစ်ပတ်အတွင်း ပြန်လည်ဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ “ကူးစက်မှုအခြေအနေ တည်ငြိမ်ပြီး ကျဆင်းသွားမယ်ဆိုရင် ဇွန်လလယ်လောက်မှာ နောက်ထပ် တဆင့် ပြန်ဖွင့်နိုင်ဖို့ လုပ်သွားမှာပါ။ ဇွန်လ မကုန်ခင်လောက် ပြန်ဖွင့်နိုင်ပါလိမ့်မယ်”လို့ ဝန်ကြီး Wong က ဆိုပါတယ်။
စင်ကာပူ အာဏာပိုင်တွေဟာ မေလ အစောပိုင်းမှာ တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှုကို ဇွန်လ ၂ ရက် ထိ အဆင့် ၃ ဆင့်နဲ့ ကန့်သတ်ထားခဲ့ပါတယ်။ ပထမဆင့် စတင်ဖွင့်ပေးမယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းလောက် ပြန်လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။
ဒုတိယအဆင့်မှာတော့ လက်လီဆိုင်တွေ၊ Service လုပ်ငန်းတွေနဲ့ ဘောလုံးကွင်း၊ ရေကူးကန်လို အားကစားရုံတွေကိုပါ ပြန်ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာလည်း ၅ ယောက်ထက် မပိုတဲ့ လူဦးရေအနေနဲ့ ဆိုင်ထိုင်စားနိုင်တော့မှာ ဖြစ်ပါတယ်။
ပြင်ပမှာလည်း လူ ၅ ဦးအထိ စုဝေးနိုင်မှာဖြစ်သလို အိမ်ကိုလည်း တနေ့ ဧည့်သည် ၅ ဦးအထိ လက်ခံခွင့်ရတော့မှာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ “နံပါတ် ၅ ဂဏန်းဆိုတာက ဘာအဓိပ္ပာယ်ရယ်လို့ မဟုတ်ပါဘူး။ အန္တရာယ် မရှိအောင် ဒီအရေအတွက်က သင့်တော်တယ်လို့ ယူဆလို့ သတ်မှတ်လိုက်တာပါ” လို့ ဆိုပါတယ်။
“တကယ်လို့ ကူးစက်ခံရမယ်ဆိုရင် သူနဲ့အတူရှိခဲ့တဲ့ ၅ ယောက်ကို ခွဲခြားပြီး တချိန်တည်း စစ်လို့ရပါတယ်။ ၁၀ ယောက် သတ်မှတ်လိုက်မယ်ဆိုရင် စစ်ရတာလည်း ပိုကျယ်ပြန့်သွားနိုင်တယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း မိသားစုတွေ အများကြီး မစုဝေးဖြစ်တော့ဘူးပေါ့” လို့ ဝန်ကြီး Wong က ဆိုပါတယ်။
အလုံပိတ်အခန်းတွေထဲမှာ လူအများကြီးစုဝေးနိုင်တဲ့ ဥပမာ စာကြည့်တိုက်၊ ပြခန်း၊ ဘား၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ အစိုးရအနေနဲ့ ပိုဂရုစိုက် စောင့်ကြည့် လေ့လာနေတယ်လို့ဆိုပါတယ်။ အဆိုပါ လုပ်ငန်းတွေ ပြန်ဖွင့်နိုင်ဖို့ စိတ်ချရတဲ့ အစီအမံတွေရှိဖို့က အဓိကအရေးကြီးပါတယ်။
“ဒီစီးပွားရေးလုပ်ငန်းတွေက ဒုတိယအဆင့်ထဲမှာ ပါတယ်ဆိုပေမယ့် စစဖွင့်ပေးချင်းတော့ ပြန်ဖွင့်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှ တဖြည်းဖြည်း ခွင့်ပြုသွားမှာပါ” လို့ Wong က ဆိုပါတယ်။ ဒုတိယအဆင့် ပြန်ဖွင့်ချိန်မှာတောင် စင်ကာပူနိုင်ငံသားတွေဟာ အိမ်ပြင်ထွက်မယ်ဆိုရင် Mask တပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖွင့်ခွင့်ပေးလိုက်ပြီဆိုပေမယ့် ကူးစက်မှုတွေ ရှိလာနိုင်တာကြောင့် တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှု အပြီးမှာ ကန့်သတ်ချက် တချို့ကိုလည်း ထုတ်ပြန် ကြေညာဖို့ရှိတယ်လို့ ဆိုပါတယ်။
တကယ်လို့ ပိတ်ဆို့ထားမှု ဖြေလျှော့ပေးလိုက်ပြီးမှ တည်ငြိမ်နေမယ်လို့ယူဆထားရပေမယ့် COVID-19 ကူးစက်မှုတွေ မြင့်တက်လာနိုင်တာကိုလည်း စဉ်းစားထားရမယ်လို့ ကျန်းမာရေးဝန်ကြီး Gan Kim Yong က ဆိုပါတယ်။
Ref: Channel New Asia