ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ထားတဲ့ စာရင်းအရ ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူပေါင်း ၆ သန်းကျော် ရှိသွားခဲ့ပြီး သေဆုံးသူအရေအတွက်ကတော့ ၃၇၃,၉၆၁ ယောက် ရှိသွားခဲ့ပါပြီ။ ရောဂါ ကူးစက်မှုနှုန်းအများဆုံး နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး လူပေါင်း ၁,၈၃၇,၁၇၀ ယောက် ရောဂါ ကူးစက်ခံနေရပါတယ်။
ရောဂါကူးစက်မှု အများဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပြီး နံပါတ် ၇ နေရာက ရှိနေပါတယ်။ လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ အရေအတွက် ၁၉၀,၆၂၂ ယောက်ရှိနေပြီး သေဆုံးသူ အရေအတွက်က ၅,၄၀၈ ယောက် ရှိသွားခဲ့ပါပြီ။
မေလ ၃၀ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းအရ အိန္ဒိယနိုင်ငံမှာ တရက်အတွင်း ရောဂါ ကူးစက်ခံရသူ အရေအတွက် ၇,၉၆၄ ယောက်ရှိခဲ့ပြီး ၂၆၅ ယောက်သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ အရေအတွက် မြင့်တက်နေပေမယ့် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ အရေအတွက် ၄၇ ဒဿမ ၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံနေသူတွေထဲ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ ပြည်နယ်ကတော့ Maharashtra ပြည်နယ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့ တရက် တည်းမှာတင် လူပေါင်း ၁၁၆ ယောက် သေဆုံးခဲ့ပါတယ်။
လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းအရ Maharashtra ပြည်နယ်အတွင်း COVID-19 ကြောင့် သေဆုံးခဲ့သူပေါင်း ၂၀၉၈ ယောက် အထိ ရှိသွားခဲ့ပါပြီ။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း အိန္ဒိယနိုင်ငံဟာ လူဦးရေများပြားလွန်းတဲ့အတွက် COVID-19 ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဝန်ကြီးချုပ်က ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ COVID-19 ကြောင့် ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယမှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေအနေနဲ့ နေရပ်ဇာတိကို ပြန်ကြတဲ့အခါ ရောဂါကူးစက်ခံရနိုင်တဲ့အတွက် အစိုးရအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
Ref: Bangkokpost, tribuneindia
You may also like these stories:
အချိန် ၁ လကျော်ကြာ COVID-19 ကူးစက်သူ ထပ်မတွေ့တော့တဲ့ နိုင်ငံများ
ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်