ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရသူပေါင်း ၁၄,၀၀၀ ကျော် ရှိနေပြီး ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် Suwannachai Wattanayi-ngcharoenchai က မေလ ၃၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကနေ မေလ ၂၅ ရက်အတွင်း ထိုင်းနိုင်ငံမှာ တုပ်ကွေးရောဂါ ကူးစက်ခံရသူပေါင်း ၁၄,၁၃၆ ယောက် ရှိနေပြီး ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ကူးစက်ရောဂါဆိုင်ရာဗျူရိုရဲ့ အစီရင်ခံစာအရ သိရပါတယ်။ လူဦးရေအချိုးတိုင်းဆိုရင်တော့ လူပေါင်း ၁ သိန်းကို ၂၁ ဒဿမ ၂ ယောက်နှုန်းရောဂါကူးစက်ခံနေရသလို၁ သိန်းမှာ ၀ ဒဿမ ၀၂ ရာခိုင်နှုန်း သေဆုံးနေရတယ်လို့ သိရပါတယ်။
ရောဂါကူးစက်မှုနှုန်း အများဆုံးပြည်နယ်တွေကတော့ Rayong , Chaiyaphunm, Khon Kaen, Mae Hong Son နဲ့ Nakhon Ratchasima ပြည်နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူ ၁ သိန်းကို ၂၂ ဒဿမ ၀၄ ယောက် ရောဂါကူးစက်ခံနေရပြီး တောင်ပိုင်းမှာ ၁၈ ဒဿမ ၄၂ နှုန်းနဲ့ မြောက်ပိုင်းမှာ ၁၄ ဒဿမ ၁၄ ယောက်နှုန်း ရောဂါကူးစက်ခံနေရပါတယ်။
မိုးရာသီကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ရောဂါကူးစက်မှုနှုန်းက ထပ်ပြီး မြင့်တက်လာဦးမယ့် သဘောရှိနေတယ်လို့ ဒေါက်တာ Suwannachai က ပြောပါတယ်။
ကူးစက်တတ်တဲ့ အပူပိုင်းရောဂါတမျိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တတ်ပြီး အသက်အန္တရာယ်ပေးတဲ့အထိ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ရောဂါတမျိုးပါ။ လောလောဆယ် အခြေအနေမှာတော့ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး မရှိသေးဘူးလို့ သိရပါတယ်။
ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခြင်ကိုက်မှုနည်းအောင် နေထိုင်ခြင်းပါပဲ။ သွေးလွန်တုပ်ကွေးရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စတင်ပြန့်ပွားလာခဲ့ပြီး နှစ်စဉ် လူသန်း ၅၀ ကနေ ၁၀၀ အထိ ရောဂါကူးစက်ခံနေရပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း နိုင်ငံပေါင်း ၁၁၀ ကျော်မှာ သွေးလွန်တုပ်ကွေးရောဂါက ကပ်ရောဂါဆိုးကြီးတခုလို ဖြစ်ပွားနေပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ များသောအားဖြင့် နို့စို့ကလေးတွေနဲ့ ကလေးတွေမှာ အဖြစ်များပြီး ရောဂါ ပြင်းထန်စွာ ခံစားရလေ့ ရှိပါတယ်။
ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါဟာ အာဟာရပြည့်ဝတဲ့ ကလေးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး အန္တရာယ်ရှိတယ် လို့သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ သွေးသွင်းခြင်းနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းတာကနေတဆင့်လည်း ကူးစက်နိုင်တယ်လို့ သိရပါတယ်။
Ref: Bangkokpost
You may also like these stories:
သွေးလွန်တုပ်ကွေးရောဂါကြောင့် လာအိုမှာ လူသေဆုံးမှုများဖြစ်ပွား