အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံဟာ COVID-19 ကူးစက်သူ ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်သူပေါင်း ၃၅,၂၉၂ ယောက် ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်က ၂၄ ယောက် ရှိခဲ့ပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့ ကန့်သတ်မှုတွေကို ပြန်ရုတ်သိမ်းနေတဲ့အတွက် ဇွန်လအတွင်း နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းလောက် ပြန်လည် စတင်နိုင်တော့မယ်လို့ ကုန်သွယ်ရေးဝန်ကြီး Chan Chun Sing က ဇွန်လ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ အာရှနိုင်ငံတွေထဲ COVID-19 ကူးစက်သူ အမြင့်ဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံစာရင်းထဲ စင်ကာပူနိုင်ငံလည်း ပါဝင်ပါတယ်။ ကူးစက်မှုနှုန်းအများဆုံး ဖြစ်ခဲ့တဲ့ အကြောင်းကတော့ နိုင်ငံခြားအလုပ်သမားတွေ စုဝေးနေထိုင်ကြတဲ့ အဆောင်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ကူးစက်မှုနှုန်း မြင့်တက်ခဲ့တဲ့အတွက်ကြောင့်လည်း ဧပြီလလောက်ကစတင်ပြီး အသွားအလာ ကန့်သတ်မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်ရသလို ရုံးဝန်ထမ်းအများစုကလည်း နေအိမ်ကနေသာ အလုပ်လုပ်ကိုင်ခဲ့ကြရပါတယ်။
ဇွန်လ ၂ ရက်ကနေစ တင်ပြီး ကန့်သတ်ထားမှုတွေကို အဆင့် ၃ ဆင့်သတ်မှတ်ပြီး လျှော့ပေါ့ပေးသွား မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းကို ပြန်လည်ပတ်သွားမယ်လို့ ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ လက်လီအရောင်းဆိုင်တွေ အပါအဝင် စားသောက်ဆိုင်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေကိုလည်း ပြန်လည်ပတ်သွားမယ်လို့ သိရပါတယ်။
အလုပ်သမားတွေ အနေနဲ့လည်း လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ဖို့ ခွင့်ပြုပေးသွားမှာဖြစ်ပေမယ့် စာသင်ကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ကျောင်းမဖွင့်သေးခင်ကာလမှာတော့ ကလေးတွေအနေနဲ့ နေအိမ်ကနေသာ ပညာသင်ကြားရတဲ့စနစ် ကျင့်သုံးမယ်လို့ ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ကုမ္ပဏီတွေအပါအဝင် အစိုးရရုံးတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက်လည်း ကျန်းမာရေး စီမံချက်တွေကို သေသေချာချာ ပြင်ဆင်ထားရမယ်လို့ Chan က ပြောပါတယ်။ တရုတ် နိုင်ငံပြင်ပမှာ COVID-19 အစောဆုံး ကူးစက်ခဲ့တဲ့နိုင်ငံထဲ စင်ကာပူနိုင်ငံလည်း ပါဝင်ပါတယ်။
Ref: cnbc