ဝူဟန်မြို့မှာ COVID-19 ပြန်လည် တွေ့ရှိပြီးနောက် တမြို့လုံးကို ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။ ကျန်းမာရေး ပြန်လည်စစ်ဆေးနိုင်ဖို့အတွက် ဒေသအစိုးရအနေနဲ့ ယွမ်သန်း ၉၀၀ ကျော် (အမေရိကန် ဒေါ်လာ ၁၂၆ သန်း) အသုံးပြုခဲ့တယ်လို့ လက်ထောက်မြို့တော်ဝန် Hu Yabo ကဇွန်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဟူဘေးပြည်နယ် အတွင်းမှာရှိတဲ့ ဝူဟန်မြို့မှာ Lockdown ရုတ်သိမ်းပြီးနောက်ပိုင်း ကူးစက်လူနာသစ်တွေကို ပြန်လည်တွေ့ရှိခဲ့တဲ့အတွက် မေလ ၁၄ ရက်နေ့မှာပဲ တမြို့လုံးကို ဗိုင်းရပ်စ် ရှိ၊ မရှိ ပြန်လည်စစ်ဆေးပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။
ဇွန်လ ၁ ရက်မှာတော့ ဝူဟန်မြို့မှာရှိတဲ့လူပေါင်း ၉,၈၉၉,၈၂၈ ယောက်ကို ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ဒေသအစိုးရက ကျခံပေးခဲ့တာဖြစ်ပြီး လူအားလုံး အခမဲ့စစ်ဆေးပေးခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၈၃,၀၂၁ ယောက် ရှိနေပြီး ၄,၆၃၄ ယောက် သေဆုံးခဲ့ပါတယ်။
Huazhong သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်က ပါမောက္ခဖြစ်သူ Lu Zuxun ကလည်း လူပေါင်း ၁,၁၇၄ ယောက်ကို Quarantine ဝင်ခိုင်းခဲ့ပြီးနောက် ကျန်းမာရေး ပြန်လည် စစ်ဆေးရာမှာတော့ ရောဂါတွေ့ရှိတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့တဲ့ COVID-19 ကြောင့် ဝူဟန်မြို့မှာ လူသေဆုံးမှု စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅ သောင်းကျော် ရောဂါကူးစက်ခံခဲ့ရပါတယ်။
တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ကလည်း ဇွန်လ ၂ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း ကူးစက် လူနာ ၅ ယောက် တွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ မြို့ကို ဗိုင်းရပ်စ် စစ်ဆေးပေးဖို့ ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒေသအစိုးရအနေနဲ့ ၁၀ ရက်ကျော် ကာလအတွင်း လူပေါင်း ၁၀ သန်းနီးပါးကို စစ်ဆေးပေးနိုင်ခဲ့ပါတယ်။
Ref: Xinhuanet
You may also like these stories:
ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ
ဇွန်လအတွင်း စင်ကာပူမှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်မည်
အိန္ဒိယမှာ ၁ ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော် COVID-19 ကူးစက်