အမြဲ သက်ဝင်လှုပ်ရှားနေတဲ့ ဂျပန်နိုင်ငံက တိုကျိုမြို့ကြီးရဲ့ ညဘက်မြင်ကွင်းတွေ တကျော့ပြန်လည် အသက်ဝင်လာပါတော့မယ်။ မြို့တော် အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကန့်သတ်ထားခဲ့ရာကနေ ပြန်ပြီးတော့ ဖြေလျော့ပေးတာပါ။
ဧပြီလ လဆန်းပိုင်းမှာ ဒုတိယလှိုင်း ကြုံတွေ့ခဲ့ရတာကြောင့် ဂျပန်နိုင်ငံ၊ မြို့တော်တိုကျိုက လမ်းတွေကို ကန့်သတ် ပိတ်ပင်ထားဖို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

“ကူးစက်မှု အခြေအနေတွေက ပြန်တည်ငြိမ်လာပါပြီ။ ဒီနေ့ဆို ကူးစက်မှုအသစ် ၂၂ ခုလောက်ပဲ တွေ့ရပါတော့တယ်။ ဒါကြောင့် ကန့်သတ်ချက်တွေကို ပြန်ဖြေလျော့ပေးတော့မှာပါ” လို့ တိုကျိုမြို့တော်ဝန် Koike Yuriko က ဆိုပါတယ်။
သူ့ရဲ့ပြောကြားချက်အရ COVID-19 ဒုတိယလှိုင်း တိုကျိုကို စတင်ရောက်လာပြီဆိုကတည်းက အစိုးရပိုင်းကနေ ကူးစက်မှုအခြေအနေကို စောင့်ကြည့်လေ့လာခဲ့ပြီး ဗိုင်းရပ်စ် မပျံ့နှံ့အောင်၊ လမ်းမပေါ်မှာ လူစုလူဝေး မဖြစ်အောင် ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကစလို့ အသွားအလာများတဲ့ ကစားကွင်း၊ ဂိမ်းဆိုင်၊ ကာရာအိုကေဆိုင်တွေနဲ့ အင်တာနက်ကဖေးဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကိုတော့ ည ၁၀ နာရီထိ ပြန်ဖွင့်ခွင့်ပေးထားပြီးပါပြီ။ အခုနောက်ဆုံး ဖြေလျော့အပြီးမှာတော့ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို အရင်လို ညသန်းခေါင်ယံ အချိန်ထိ ပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။
နောက်တပတ် အကြာမှာတော့ Live music ဆိုင်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ဘားဆိုင်တွေကိုပါ ပြန်ဖွင့်ခွင့်ပေးတော့မှာပါ။ စီးပွားရေးအားလုံး ဖွင့်ခွင့်ပေးလိုက်ပြီဆိုရင်တော့ တိုကျိုမြို့ပေါ်မှာ အရင်လို ပြန်လည် စည်ကားလာတော့မှာပါ။
ကိုဗစ်ကာလအပြီး ပြောင်းလဲသွားတာကတော့ ဘားဆိုင်နဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ ရောဂါပိုး ကူးစက်မှုအပြီး နောက်ထပ် ကူးစက်မှုတွေ မရှိအောင် ဘယ်လိုပြင်ဆင်ထားသင့်လဲဆိုတာ ထည့်သွင်းစဉ်းစားရပါတော့မယ်။
ရှင်ဂျူကုမှာရှိတဲ့ ကာရာအိုကေဆိုင်မှာတော့ လာမယ့် ဧည့်သည်တွေကို ဝင်ပေါက်မှာတင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့်ရေးစက်တွေ တပ်ဆင်ထားမှာဖြစ်သလို၊ မိုက်တွေကိုလည်း အပေါ်ကနေ တခါသုံး ပလတ်စတစ် အဖုံးတွေ စွပ်ပေးထားမယ်လို့ ဆိုပါတယ်။
မာယူနိုအုချီရပ်ကွက်က ဘားဆိုင် မန်နေဂျာကတော့ ဆိုင်တွေကို ညဉ့်နက်တဲ့ထိ ပြန်ဖွင့်ခွင့်ပေးတဲ့အတွက် ဝမ်းသာမိပေမယ့် ကြိုတင်ပြင်ဆင်ထားရမယ့် အပိုကုန်ကျစရိတ်တွေ အတွက်တော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
အရင်ရှိတဲ့ ခုံအရေအတွက် တဝက်လောက်ပဲ ထားရှိနိုင်မှာဖြစ်ပြီး အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပုံမှန် ပိုးသတ်ဆေး ဖျန်းထားရတာမျိုးတွေ ရှိပါတယ်။ အရင်က တနေ့ကို ဧည့်သည် ၁၅၀ လောက် ပုံမှန်ရှိခဲ့ပေမယ့် ဆိုင်ပြန်ဖွင့်ချိန်မှာ ဧည့်သည် ၃၀ လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
Ref: NHK News
You may also like these stories:
စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ
တရုတ်ရိုးရာ တိုင်းရင်းဆေးတွေကို ပြက်ရယ်ပြုသူများအား အရေးယူမည်