ကိုဗစ်ကာလအတွင်း ကလေးအလုပ်သမား အရေအတွက် ပိုပြီးများပြားလာတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ဖြစ်တဲ့ ILO ကလည်း ကိုဗစ် အကျပ်အတည်းကာလအတွင်း သန်းပေါင်းများစွာသော ကလေးသူငယ်တွေဟာ ကလေးအလုပ်သမားအဖြစ် ကျရောက်သွားတယ်လို့ ပြောပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကလေးအလုပ်သမား အရေအတွက် ပိုမိုများလာပါတယ်။
၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတဝှမ်း ကလေးအလုပ်သမား အရေအတွက် ၉၄ သန်းအထိ လျော့ကျ သွားခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အစီရင်ခံစာအရ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကလေးအလုပ်သမားတွေဟာ ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ နာရီပေါင်းများစွာ အလုပ်လုပ်နေရနိုင်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလုပ်မျိုးတွေကိုလည်း ကလေးအများစုအနေနဲ့ အတင်းအကျပ် စေခိုင်းခံနေရပါတယ်။
“COVID-19 ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း မိသားစုအများစုအနေနဲ့ ဝင်ငွေ သိသိသာသာ လျော့ကျသွားခဲ့ပြီး မိသားစုတွေကို ပြန်လည် မထောက်ပံ့နိုင်ကြတော့တဲ့အခါ ကလေးတွေအနေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ကြရတယ်”လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Guy Ryder က ပြောပါတယ်။
ကိုဗစ် ကပ်ရောဂါကြောင့် လူအများစုအနေနဲ့ ဆင်းရဲတွင်းထဲ ပိုမိုကျရောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မိသားစုဝင်တွေ အသက် ဆက်လက်ရှင်သန်နိုင်ဖို့ ကလေးတွေအနေနဲ့ အပြင်ထွက်ပြီး အလုပ် လုပ်ကြရတဲ့အတွက် ကလေး အလုပ်သမားအရေအတွက် တကျော့ပြန် ကြီးထွားလာခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အခြားသော လေ့လာမှုတွေအရလည်း နိုင်ငံတနိုင်ငံရဲ့ လူဦးရေ ၁ ရာခိုင်နှုန်း ဆင်းရဲသွားတာနဲ့ အနည်းဆုံး ကလေး အလုပ်သမား ၀ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။ အကျပ်အတည်း ကာလအတွင်းမှာ ကလေးအလုပ်သမားတွေဟာ မိသားစု ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတခု ဖြစ်လာခဲ့တယ်လို့ UNICEF ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ Henrietta Fore က ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ဆင်းရဲသားအရေအတွက် များပြားလာခဲ့သလို နိုင်ငံအများစုအနေနဲ့ ကျောင်းတွေ ပိတ်ထားရပြီး စီးပွားလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒီအချက်တွေကလည်း ကိုဗစ်ကာလအတွင်း ကလေးအလုပ်သမားအရေအတွက် ပိုမို များပြားလာရတဲ့အကြောင်းနဲ့ သက်ဆိုင်နေပါတယ်။
ကိုဗစ်အလွန် ကာလအတွင်းမှာတော့ မိသားစုတွေရဲ့စီးပွားရေးလုပ်ငန်း ပုံမှန် အတိုင်း ပြန်လည်ပတ်နိုင်ဖို့ လိုအပ်ပြီး မျှတတဲ့ ပညာရေးစနစ်တခုလည်း လိုအပ်ပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့ လိုအပ်တယ်လို့ Henrietta Fore က ပြောပါတယ်။
အစီရင်ခံစာရဲ့ဖော်ပြချက်အရ နိုင်ငံပေါင်း ၁၃၀ နီးပါးမှာ စာသင်ကျောင်းတွေကို ယာယီ ပိတ်ထားရတဲ့ အတွက် ကလေးပေါင်း ၁ ဘီလီယံနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
Ref: UNICEF