Trend

လေလွှင့်ကြောင်လို့ လူသိများတဲ့ ဇာတ်လိုက်ကျော် Bob သေဆုံး

ကမ္ဘာတလွှားမှာ နာမည်ကျော်ထင်ရှားခဲ့တဲ့ “A Street Cat Named Bob” နာမည်နဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေ ထွက်ရှိခဲ့တဲ့ ဇာတ်လိုက်ကျော် Ginger ကြောင်လေး Bob ဟာ အသက် ၁၄ နှစ်အရွယ်မှာ သေဆုံးသွားပါပြီ။ ပိုင်ရှင်ဖြစ်သူ ဂျိမ်းစ် ဘိုဝင်ဟာ Bob ကြောင့် မူးယစ်သားကောင်ဘဝကနေ ပြန်လည်ရုန်းထွက်လာနိုင်သူပါ။

ဘိုဝင်တယောက် ၂၀၀၇ ခုနှစ်မှာပဲ မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေချိန်မှာ လေလွှင့်ကြောင်တကောင်ကို တွေ့ရှိခဲ့ပြီး စောင့်ရှောက်ဖို့ ဖြစ်လာခဲ့ရာကနေ သူ့ဘဝတဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။ လန်ဒန်မြို့ရဲ့ လမ်းတွေပေါ်မှာ The Big Issue ရောင်းရင်း Bob ကို သူ့ဂုတ်ပေါ်တင် ခေါ်သွားလေ့ ရှိပါတယ်။

ဘိုဝင်ဟာ နောက်ဆုံးမှာတော့ မူးယစ်ဆေးဖြတ်နိုင်ခဲ့ပြီး သူနဲ့ Ginger ကြောင် Bob တို့ရဲ့ နွေးထွေးတဲ့ဆက်ဆံရေး အကြောင်းကို အခြေခံရေးသားထားတဲ့ စာအုပ်ထုတ်ဝေနိုင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာတော့ Bob ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်တဲ့ရုပ်ရှင်အဖြစ် အသက်သွင်းနိုင်ခဲ့ပါတယ်။

“A Street Cat Named Bob: And How He Saved My Life” စာအုပ်ကို ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်ဝေနိုင်ခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ နောက်ထပ် စာအုပ် ၅ အုပ် ထပ်မံ ရေးသားခဲ့ကာ နိုင်ငံတကာမှာ ဘာသာ စကားအမျိုးပေါင်း ၄၀ ကျော်ထိ ဘာသာပြန်ဆို အောင်မြင်ခဲ့ပါတယ်။

ဒုတိယမြောက်ရုပ်ရှင် “A Gift from Bob” ကို ဒီနှစ်ကုန်ပိုင်းမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဘိုဝင်ဟာ သူနဲ့ Bob တို့ရဲ့ ဆက်ဆံရေးအကြောင်းကို စာအုပ် ၆ အုပ် ရေးသားခဲ့ပြီး Bob ကြောင့် မူးယစ်သားကောင်ဘဝကနေ ပြန်လည် ရုန်းထွက်နိုင်တဲ့အကြောင်းကို အမြဲပြောပြလေ့ ရှိပါတယ်။

“တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ Bob က ကျနော်ရဲ့ တွဲဖက် ဆိုတာထက်တောင်မှ ပိုပါတယ်။ သူကျနော့် ဘေးမှာရှိရင် လမ်းပျောက်နေရင်တောင် ရှေ့ဆက်ဖို့အတွက်အဖြေ အမြဲရှာတွေ့ခဲ့တယ်” လို့ သူ့စာအုပ်တွေ အတွက်ထားရှိတဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“သူရှိနေစဉ်တုန်းက လူပေါင်း ရာထောင်ချီနဲ့ ဆုံတွေ့ခဲ့တယ်။ သန်းချီတဲ့ဘဝတွေရဲ့ နှလုံးသားကို ရိုက်ခတ်နိုင်ခဲ့တယ်။ သူ့လို ကြောင်မျိုး နောက်ထပ်ရှိမယ် မထင်တော့ဘူး။ ကျနော်ဘဝရဲ့ အလင်းရောင် ပျောက်သွားသလို ပါပဲ။ Bob ကို အမြဲ အမှတ်ရနေတော့မှာဗျ” လို့ ဘိုဝင်က အမှတ်တရ စာရေးသားထားပါတယ်။

The Big Issue ရဲ့ အယ်ဒီတာတယောက်ဖြစ်တဲ့ ပေါလ်ကလည်း “အစမှာ Bob က ဘိုဝင်ရဲ့ဘဝကို ပြောင်းလဲ ပေးခဲ့တယ်။ နောက်တော့ ကမ္ဘာကြီးကိုပါ ပြောင်းလဲနိုင်ခဲ့တယ်။ သူက The Big Issue နဲ့ပတ်သက်ပြီး တကယ့် ကို အမှတ်ရနေမယ့် သူပါ။ ကျနော်တို့ မဂ္ဂဇင်းသမိုင်းမှာ စွဲကျန်ရစ်နေတော့မှာပါ” လို့ ဆိုပါတယ်။

“Bob လို တွဲဖက်ကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ဂျိမ်းစ်ကိုယ်စား ဝမ်းနည်းရပါတယ်။ Bob က သူ့ဘဝ ကို ကယ်တင်ခဲ့တာပါ။ Bob အကြောင်းရေးထားတဲ့ စာအုပ်တွေနဲ့ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေကတဆင့် မြင်တွေ့ ခံစားနိုင်မှာပါ။ ဂျိမ်းက Bob လိုမျိုး နောက်ထပ် မတွေ့နိုင်တော့ဘူးလို့ ဆိုတာကို ကျနော်တို့ မထောက်ခံဘဲ နေနိုင်ပါ့မလား” လို့ ပေါလ်က ဆိုပါတယ်။

Ref: BBC, The Guardian

Loading