ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ COVID-19 ကာကွယ်ဆေးကို သန်းနဲ့ချီထုတ်လုပ် လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆေးဝါးကုမ္ပဏီတွေဘက်ကလည်း အပြိုင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးစား နေတာကြောင့် ထိရောက်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုးအစား ၂ မျိုး၊ ၃ မျိုး ခန့် ထွက်ပေါ်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။
ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီရဲ့ ပြောပြချက်အရ ၂၀၂၁ ခုနှစ်အကုန်လောက်မှာ ကာကွယ်ဆေး ၂ ဘီလီယံ လောက် ထုတ်လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ WHO အကြီးအကဲ သိပ္ပံပညာရှင် Soumya Swaminathan က ကမ္ဘာတဝှမ်းမှာ လတ်တလောအကောင်အထည်ပေါ်နေတဲ့ ကာကွယ်ဆေးပေါင်း ၂၀၀ ကျော် လောက်ရှိပြီး ဒီထဲကမှ ၁၀ မျိုးကို လူနဲ့ စမ်းသပ်ပြီးပြီလို့ ဆိုပါတယ်။
Swaminathan က ကာကွယ်ဆေးအဓိက အလိုအပ်ဆုံးသူတွေကို သုံးဖွဲ့ခွဲပြီး သတ်မှတ်ထားပါတယ်။ လူနာနဲ့ အဓိက ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်း၊ ရဲဝန်ထမ်းတွေ၊ ရောဂါကူးစက်မှု ပြင်းပြင်းထန်ထန် ခံစားရတဲ့ သက်ကြီးပိုင်းတွေနဲ့ ဆီးချိုဝေဒနာရှင်တွေ၊ ကူးစက်မှုနှုန်းမြင့်တဲ့ ဆင်းရဲသားရပ်ကွက်နေသူတွေနဲ့ စောင့်ရှောက် ရေးဂေဟာမှနေထိုင်သူတွေ အတွက် ကာကွယ်ဆေးအဓိက လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အရင်ဆုံး ဒီလူတွေနဲ့ ကာကွယ်ဆေးကို စတင်ရမှာပါ။ တဖြည်းဖြည်းနဲ့မှ နောက်ထပ် လိုအပ်သူတွေအတွက် သုံးရမှာပါ။ ဒီနှစ်အကုန်ပိုင်းလောက်မှာ ကာကွယ်ဆေးကို သန်းနဲ့ချီ ထုတ်နိုင်ရင် အလားအလာကောင်းပါတယ်” လို့ Swaminathan က ဆိုပါတယ်။
“၂၀၂၁ ထဲမှာတော့ ထိရောက်မှုရှိတဲ့ ဆေး ၂ မျိုး၊ ၃ မျိုးလောက်ထဲက ကာကွယ်ဆေး ဘီလီယံနဲ့ချီပြီး ကမ္ဘာ့တဝှမ်း ဖြန့်ဝေ ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါကလည်း ခုချိန်ထိ လက်ဆုပ်လက်ကိုင်ပြစရာ ဆေးဝါး မရှိသေးတာမို့ မျှော်လင့်နေရဆဲ အခြေအနေပါ” လို့ Swaminathan က ဆိုပါတယ်။
လက်ရှိစမ်းသပ်မှုတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် ၂၀၂၁ ခုနှစ် အကုန်ပိုင်းလောက်မှာ ၂ ဘီလီယံနီးပါး ကာကွယ်ဆေးတွေ ထုတ်လုပ်လာနိုင်ခဲ့ရင် အဓိကလိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကူးစက်မှုများတဲ့နေရာတွေမှာ နေထိုင်နေသူတွေဆီကို ဦးစားပေးဖြန့်ဝေသွားမှာဖြစ်ပါတယ်။
ဆေးဝါးကုမ္ပဏီတခုရဲ့ တာဝန်ရှိသူတဦးက ၂၀၂၁ ခုနှစ်မတိုင်ခင် ဒီလအကုန်ပိုင်းလောက်မှာ COVID-19 ကာကွယ်ဆေး ထွက်ရှိလာနိုင်တယ်လို့ ဆိုပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ ၁၅ ဘီလီယံပမာဏ လောက်ထုတ်လုပ်နိုင်မှ လုံလောက်မယ်လို့ ဆိုပါတယ်။
WHO ကနေ COVID-19 လူနာတွေကို စမ်းသပ်ကုသဖို့အတွက် hydroxychloroquine ဆေးဟာ မူလရောဂါ တွေအတွက် ထိရောက်မှုရှိပေမယ့် COVID-19 ကုသရာမှာ အာနိသင်မပြတာကြောင့် အသုံးမပြုဖို့ ဇွန် ၁၇ ရက် က ရပ်ဆိုင်း လိုက်ပါတယ်။
Ref: Channel News Asia
You may also like these stories:
ရောဂါပျောက်ကင်းသွားတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ကိုဗစ်ပိုး ပြန်တွေ့
ဂျပန်နိုင်ငံ ရေဆိုးမြောင်းများမှ ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတွေ့ရှိ
ကိုဗစ်ကူးစက်မှု အသစ်ကြောင့် ဘေဂျင်းမှာ ပင်လယ်စာဈေးကို Lockdown ချ