အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံး ကူးစက်ခံရတဲ့ ရောဂါသည် မပေါ်ပေါက်လာခင် ၂ လကျော်လောက်ကတည်းက ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အီတလ အမျိုးသားကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလကတည်းက အီတလီနိုင်ငံက ရေဆိုးမြောင်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အီတလီနိုင်ငံမြောက်ပိုင်းက မြို့ကြီး ၂ မြို့ ဖြစ်တဲ့ မီလန်နဲ့ တူရင်မြို့က ရေဆိုးမြောင်းရေ နမူနာတွေကို စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ် တွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရောဂါသည် ပေါ်ပေါက်လာချိန်နဲ့ ကာလ အတူတူလောက်မှာပဲ အီတလီနိုင်ငံမှာလည်း ပထမဆုံး ကူးစက်ရောဂါသည်ကို တွေ့ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ မီလန်နဲ့ တူရင်မြို့က ရေဆိုးမြောင်းရေ နမူနာကို စစ်ဆေးချက်အရ အဲဒီရေတွေထဲမှာ SARS ရောဂါပိုးနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဓာတ်ခွဲခန်းအဖြေမှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလမှာတော့ ဘိုလော့နာမှာရှိတဲ့ ရေဆိုးမြောင်းရေ နမူနာကို ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့အခါမှာလည်း အလားတူ အဖြေမျိုးပဲ ထွက်ပေါ်လာခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ပထမဆုံး လူနာကို ဖေဖော်ဝါရီလလယ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင် ဓာတ်ခွဲစမ်းသပ်မှု အဖြေတွေအရ အီတလီနိုင်ငံတွင်း ဗိုင်းရပ်စ် ပြန့်ပွားမှု စတင်ရာအချိန်ကို ခြေရာခံမိအောင် အကူအညီပေးခဲ့တယ်လို့ အီတလီနိုင်ငံ အမျိုးသားကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေဆိုးမြောင်းထဲက ရေတွေနဲ့ မိလ္လာပုပ်ရေ နမူနာတွေကို ဓာတ်ခွဲ စစ်ဆေးမှု ရလဒ်ဟာ ဒီရောဂါပိုး အကြောင်း စောစီးစွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ အထောက်အထားနဲ့တကွ အတည်ပြုနိုင်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းက သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်လာတာဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ တောရိုင်းတိရစ္ဆာန် ရောင်းချတဲ့ဈေးက ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် ဘေကျင်း အစိုးရ တာဝန်ရှိသူတွေကတော့ ဒီဗိုင်းရပ်စ်ဟာ မူလကတည်းက နေရာတိုင်းမှာ ရှိနေခဲ့တယ်လို့ မကြာသေးခင်အချိန်ကပဲ ပြောကြားခဲ့ပါတယ်။
အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားခဲ့တဲ့ ပထမဆုံး ဥရောပနိုင်ငံဖြစ်ပြီး ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံတွင်းသွားလာမှုကို ပိတ်ပင်တားမြစ်ကာ Lockdown အမိန့် ထုတ်ပြန်ခဲ့တဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
အီတလီ အမျိုးသားကျန်းမာရေးဌာနာမှ ကျွမ်းကျင်ပညာရှင် အမျိုးသမီးဖြစ်သူ လာရိုဆာ ဦးဆောင်တဲ့အဖွဲ့ဟာ ၂၀၁၉ အောက်တိုဘာလကနေ ၂၀၂၀ ဖေဖော်ဝါရီလအတွင်း ရေဆိုးမြောင်းရေ နမူနာ ၄၀ ကို ဓာတ်ခွဲ စစ်ဆေးကြည့်ခဲ့ပါတယ်။ ရေဆိုးမြောင်းရေ နမူနာတွေကို ဓာတ်ခွဲခန်း ၂ ခုမှာ မတူညီတဲ့ စနစ် ၂ မျိုးနဲ့ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလကတည်းက အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ဆေးရုံတက်နေတဲ့ လူနာတွေရဲ့ ဆီးနဲ့ဝမ်း နမူနာတွေကို ဒီဇင်ဘာလက ဓာတ်ခွဲ စမ်းသပ်ကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သလို စပိန်နိုင်ငံမှာလည်း ဇန်နဝါရီလလယ်လောက်က ရေဆိုးမြောင်းရေ နမူနာတွေကိုဓာတ်ခွဲ စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ရောဂါသည် မတွေ့ရှိခင် ရက် ၄၀ လောက်ကတည်းက ရေဆိုးမြောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပါတယ်။
Ref: CNA
You may also like these stories:
နှစ်ကုန်မှာ COVID-19 ကာကွယ်ဆေး သန်းနဲ့ချီထုတ်နိုင်မယ်လို့ WHO မျှော်လင့်
ရောဂါပျောက်ကင်းသွားတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ကိုဗစ်ပိုး ပြန်တွေ့
ဂျာမနီမှာ ပွဲတော်များ အောက်တိုဘာလအထိ ကျင်းပခွင့်မပြု