တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်တဲ့ COVID-19 ကပ်ရောဂါဆိုးကြီးဟာ တရုတ်နိုင်ငံမှာ ပြန်လည်ကူးစက်နေပြီး ဒုတိယလှိုင်းဖြစ်ပွားမှာကို လူတွေအနေနဲ့ ကြောက်ရွံ့နေကြပါတယ်။
ကိုဗစ် ဒုတိယလှိုင်းဟာ အာရှနိုင်ငံတွေကို အချိန်မရွေး အန္တရာယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။ အာရှနိုင်ငံအများစုအနေနဲ့ COVID-19 ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်လာနိုင်ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ခဲ့ပါတယ်။
အာရှနိုင်ငံတွေမှာ ကန့်သတ်မှုတွေကို ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်း ကိုဗစ်ကာလအတွင်း အထိနာခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် အာရှနိုင်ငံအများစုမှာ ကိုဗစ်ကပ်ရောဂါ ပြန်လည် ကူးစက်ခဲ့ပြန်ပါတယ်။ မြို့တော်တွေဟာ လူဦးရေထူထပ်တဲ့အတွက် အခုလို ရောဂါ ပြန်လည် ကူးစက်ခဲ့ရတာပါ။
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ဒုတိယအကြိမ် COVID-19 ကူးစက်မှု ပြန်ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဘေကျင်းမှာ ရောဂါ ကူးစက်ခံရသူ အနည်းဆုံး ၁၈၄ ယောက် ရှိခဲ့တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဘေကျင်းပြည်တွင်းလေကြောင်းလိုင်းတွေကို ယာယီ ရပ်ဆိုင်းထားပြီး ပြည်တွင်း ခရီးသွားလာခွင့်ကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။ ရောဂါကူးစက်မှု ပြန်ဖြစ်ပွားနေတဲ့ နေရာတွေကိုလည်း Lockdown ချထားလိုက်ပါတယ်။
အာရှ – ပစိဖိတ် ဆေးဘက်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Paul Ananth Tambyah ကလည်း ဒေသတွင်း ကူးစက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် အာရှနိုင်ငံတွေအနေနဲ့ ကိုဗစ်ဒုတိယလှိုင်း အန္တရာယ်ကို ကြုံတွေ့ရ နိုင်တယ်လို့ ပြောပါတယ်။ အာရှနိုင်ငံတွေမှာ ကိုဗစ် ကူးစက်မှုနှုန်း မြင့်မားနေပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယနိုင်ငံမှာ ကူးစက်လူနာသစ် ၁၃,၅၈၆ ယောက် ရှိခဲ့ပါတယ်။
အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ အိန္ဒိယနိုင်ငံဟာ ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့စတုတ္ထနေရာမှာ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်ခံနေရသူ ၉ သန်းကျော်ရှိနေပြီး အိန္ဒိယနိုင်ငံမှာ ကူးစက်သူအရေအတွက် ၄ သိန်းကျော် ရှိနေပါတယ်။
အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှာလည်း ကူးစက်မှုနှုန်း မြင့်မားနေပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ COVID-19 ကြောင့် ၁၃၆ ယောက် သေဆုံးခဲ့ပြီး ကူးစက်ခံနေရသူပေါင်း ၁၈၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ကိုဗစ် စစ်ဆေးမှုကို အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တရက်ကို လူ ၂ သောင်း စစ်ဆေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရ သူလူနာသစ် ၁,၃၃၁ ယောက် တွေ့ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ ၄၅,၀၀၀ ကျော် ရှိနေပြီး ၂,၄၆၅ ယောက် သေဆုံးခဲ့ပါတယ်။
ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာရှနိုင်ငံတွေအနေနဲ့ ဒုတိယလှိုင်းကို ရပ်တန့်နိုင်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ အာရှ – ပစိဖိတ် ဆေးဘက်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Tambyah က ပြောပါ တယ်။
ပြီးခဲ့တဲ့သောကြာနေ့မှာတော့ တောင်ကိုရီးယားမှာ ကူးစက်လူနာသစ် ၄၉ ယောက် ထပ်မံ တွေ့ရှိ ခဲ့ပြီး ၃၂ ယောက်က ပြည်တွင်းကူးစက်ခံရသူတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေး ဗဟိုဌာနကလည်း တောင်ကိုရီးယားနိုင်ငံမှာ ရောဂါ ကူးစက်ခံရသူ ၁၂,၀၀၀ ကျော်ရှိနေပြီး ၂၈၀ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ကိုဗစ်ကူးစက်မှုဟာ မလွှဲမသေ ကြုံတွေ့ရမယ့် အန္တရာယ်ဖြစ်ပြီး တောင်ကိုရီးယားအစိုးရကလည်း လွန်ခဲ့တဲ့ ၁ လလောက်ကစပြီး ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့အတွက် ကိုဗစ် ဒုတိယလှိုင်းဟာ အချိန်မရွေး ကြုံတွေ့ ရနိုင်တယ်လို့ ဆိုးလ်အမျိုးသားတက္ကသိုလ် ကလေးဆေးရုံမှ ဂုဏ်ထူးဆောင် ပါမောက Lee Hoan-jong က ပြောပါတယ်။ တဆက်တည်းမှာပဲ သူက ကိုဗစ်ကာကွယ်ဆေး မတွေ့မချင်း ကူးစက်မှုအန္တရာယ်ကတော့ ကြုံနေမှာပဲလို့ ပြောပါတယ်။
ဂျပန် ကပ်ရောဂါ ကာကွယ်ရေး ပညာရှင်တွေလည်း ကိုဗစ် ဒုတိယလှိုင်းနဲ့ ကြုံတွေ့မှာကို ကြောက်ရွံ့ နေကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ တိုကျိုမြို့မှာ ကူးစက်လူနာသစ် ၄၁ ယောက် တွေ့ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ ၁၇,၀၀၀ ကျေ ာ်ရှိနေပြီး ၉၅၃ ယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ထိုင်းနိုင်ငံမှာ ကူးစက်လူနာသစ်တယောက် တွေ့ရှိခဲ့ပါတယ်။ ကူးစက် လူနာသစ်ဟာ အမျိုးသားတဦး ဖြစ်ပြီး နိုင်ငံရပ်ခြားက ပြန်လာသူ တယောက်ပါ။ လက်ရှိ ထိုင်းမှာ ကိုဗစ်ကူးစက် ခံနေရသူ ၃,၁၄၈ ယောက် ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ပြည်တွင်း ကူးစက်မှု မရှိတာ ၂၇ ရက် ရှိသွားပါပြီ။
Ref: chiangraitimes
You may also like these stories:
COVID 19 ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို
ဂျပန်နိုင်ငံ ရေဆိုးမြောင်းများမှ ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတွေ့ရှိ
အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရသူ ၅၄,၀၀၀ ကျော်ရှိလာ