ထိုင်းနိုင်ငံမှာ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသေးပေမယ့် ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကတော့ ပြန်လည် စတင်နေပါပြီ။
ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပတ္တရားမြို့မှာရှိတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ ဇူလိုင်လကစပြီး ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွားမယ်လို့ သိရပါတယ်။ အခု အစီအစဉ်ကတော့ ထိုင်းခရီးသွားလာရေးနဲ့ ပတ္တရားခရီးသွားလာရေး အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်တခုလည်း ဖြစ်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း နိုင်ငံကို Lockdown ချခဲ့သလို ပြည်တွင်းခရီးသွားလုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းခဲ့တဲ့အတွက် ပတ္တရားမှာ စီးပွားရေး အကျပ်အတည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေ ပြန်နလန်ထူနိုင်ဖို့ ပတ္တရား ခရီးသွားလာရေး အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။
“စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ပါပြီ။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်နလန်ထူနိုင်ဖို့ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမယ်” လို့ ထိုင်းခရီးသွားလာရေး အာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Pinnat Charoenphol က ပြောပါတယ်။ ဒါကြောင့်လည်း ပတ္တရားကို လာရောက်လည်ပတ်တဲ့ ထိုင်းလူမျိုးတွေကို ၅၀ ရာခိုင်နှုန်း လျှော့ပေးရတာဖြစ်ကြောင်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဟိုတယ်အဖွဲ့ချုပ် Eastern Chapter နဲ့ ဒေသတွင်းစားသောက်ဆိုင်တွေက ဒီအစီအစဉ်ကိုပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် ပတ္တရားမှာရှိတဲ့ ဟိုတယ် ၁၀၀ ကျော်နဲ့ စားသောက်ဆိုင်တွေဟာ ပြည်တွင်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားဖို့ စီစဉ်နေကြပါတယ်။
ဈေးလျှော့ပေးတဲ့ ကူပွန်တွေကို ဇူလိုင် ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဝယ်ယူနိုင်ပြီး ဇူလိုင် ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ၂၄ ရက်နေ့အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ကျန်းမာရေးလမ်းညွှန်ချက်တွေကိုတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနရဲ့ ညွှန်ကြား ချက်အတိုင်း လိုက်နာ ဆောင်ရွက်ထားပါတယ်။ ပတ္တရားကို လာရောက် လည်ပတ်သူတွေအနေနဲ့ ကိုယ်အပူချိန် တိုင်းတာမျိုး လိုက်နာရမှာဖြစ်ပြီး လက်သန့်ဆေးရည်ကိုလည်း စီစဉ်ပေးထားသလို စားပွဲခုံ ၁ ခုံနဲ့ ၁ ခုံကိုလည်း ၃ ပေ ခြားပေးထားပါတယ်။
စားသောက်ဆိုင်တွေရဲ့ အခင်းအကျင်းကိုလည်း အွန်လိုင်း Application ကနေ လေ့လာနိုင်ပါတယ်။ စားပွဲထိုး တွေအားလုံးလည်း Mask တပ်ဆင်ရပါမယ်။ ထိုင်းနိုင်ငံမှာ ဘားတွေကို ဖွင့်ခွင့် မပြုသေးတဲ့အတွက် တချိန်က စည်ကားခဲ့တဲ့ ပတ္တရာရဲ့ ညလမ်းမတွေကတော့ တိတ်ဆိတ်နေပါတယ်။
Ref: chiangraitimes
You may also like these stories:
အမေရိကန်ခရီးသွားတွေကို လာရောက်ခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ
ဇူလိုင် ၁ ရက်ကစလို့ ဝင်ရောက်ခွင့်ပြန်ပေးတော့မယ့် မော်လ်ဒိုက်
နိုင်ငံအချို့ကို ထိုင်ဝမ်သို့ လာရောက်ခွင့်ပြုတော့မည်