ထိုင်းနိုင်ငံမှာ ပြည်ပဆက်သွယ်မှုတွေ ပြန်လည် ဖွင့်လှစ်တဲ့အခါ စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆေးကုသမယ့်သူတွေကို ပထမဆုံး ဝင်ရောက်ခွင့်ပြုဖို့ အတွက် ဇွန်လ ၂၂ ရက်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
COVID-19 ရောဂါ အခြေအနေ ထိန်းချုပ်စင်တာ (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Taweesilp Visanuyothin က ဝင်ရောက်ခွင့်ပြုမယ့် ပြည်ပဧည့်သည်တွေဟာ နေရပ်ပြန် ထိုင်းနိုင်ငံသားတွေလိုပဲ စောင့်ကြည့်ကာလ ၁၄ ရက် ဝင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမတသုတ်အဖြစ် ထိုင်းနိုင်ငံအခြေစိုက် စီးပွားရေးသမားတွေနဲ့ ရင်းနှီးမြှုပ်နှံသူပေါင်း ၇၀၀ လောက် ဝင်ခွင့် တောင်းဆိုထားပါတယ်။ ဒုတိယအသုတ်အဖြစ် ကျွမ်းကျင်အလုပ်သမားနဲ့ ပညာရှင် ၂၂၀၀၀ လောက် ရှိပြီး ဒီထဲက ၂၀၀၀ ကျော်က သူတို့ရဲ့ ထိုင်းမိသားစုတွေဆီ ပြန်လာဖို့ တောင်းခံထားတာ ဖြစ်ပါတယ်။
တတိယအသုတ်အဖြစ် နိုင်ငံတွင်း ဆေးကုသမှုခံယူဖို့အတွက် ဝင်ခွင့်တောင်းခံထားသူ ၃၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ဝင်ခွင့်တောင်းဆိုထားသူများစာရင်းကို နိုင်ငံတွင်း ကန့်သတ်ထိန်းချုပ်မှု ကော်မတီရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Natthaphol Nakpanich တင်ပြချက်အရ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ CCSA အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံရဲ့ စီးပွားရေး အရှိန်အဟုန် ပြန်လည် မြင့်တက်လာဖို့အတွက် အဆိုပြုချက်ကို အတည်ပြုပေးခဲ့တာပါ” လို့ ဒေါက်တာ Taweesilp က ဆိုပါတယ်။
နိုင်ငံတွင်း ဆေးကုသမှုခံယူဖို့ ရောက်လာမယ့် ပြည်ပဧည့်သည်တွေဟာ ပြသမယ့် ဆေးရုံကို တိုက်ရိုက်သွားရောက်ရမှာ ဖြစ်ပြီး ရောဂါကုသရင်း တချိန်တည်းမှာပဲ အဆိုပါ ဆေးရုံမှာ ၁၄ ရက် စောင့်ကြည့်ကာလ နေရမှာ ဖြစ်ပါတယ်။
ခေတ္တလာရောက်မယ့် စီးပွားရေးသမားတွေနဲ့ ခရီးသွားဧည့်သည်တွေ လက်ခံဖို့အတွက် လိုအပ်တာတွေကို CCSA ဘက်က စိစစ်သွားဖို့ ရှိပါတယ်။ လာရောက်ချိန် နည်းတာကြောင့် ခဏလာမယ့် သူတွေကို စောင့်ကြည့်ကာလ မလိုဘဲ လက်ခံဖို့အတွက် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ Taweesilp ရဲ့ပြောပြချက်အရ ပထမဆုံး ပြန်လက်ခံမယ့် ခရီးသွားဧည့်သည် နိုင်ငံစာရင်းထဲမှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ထည့်သွင်းသွားဖို့ ရှိနေပါတယ်။ အဆိုပါ နိုင်ငံတွေရဲ့ COVID-19 ကာကွယ်ကုသရေး အစီအစဉ်တွေဟာ အောင်မြင်တာကြောင့် လက်ခံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်းမှာတော့ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု မရှိတာ ၂၈ ရက် ပြည့်သွားပြီ ဖြစ်ပါတယ်။
Ref: Bangkok Post
You may also like these stories:
၂၀၂၁ အထိ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုကို သြစတြေးလျ တားမြစ်
နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်
ပတ္တရားက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ဈေးနှုန်း တဝက် လျှော့ချမည်