အခုသီတင်းပတ်ထဲ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ အငြင်းပွားဖွယ် ခွေးသားစားပွဲတော်အတွက် ပြင်ဆင်ထားတဲ့ ခွေးတွေထဲက ဒါဇင်နဲ့ ချီတဲ့ ကယ်တင်ခံ ခွေးတွေအတွက် အစားအစာတွေကို ဘေဂျင်းမြို့မှာရှိတဲ့ ခွေးဂေဟာက စေတနာ့ဝန်ထမ်းတွေက တာဝန်ယူ လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။
Yulin မြို့မှာ နှစ်စဉ်ကျင်းပနေကျ အဲ့ဒီပွဲတော်ကို တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက အမြဲတမ်း ကန့်ကွက်ခဲ့ကြပြီး ဒီနှစ်လိုမျိုး COVID-19 ကပ်ရောဂါဖြစ်နေချိန်မှာ အခုလိုမျိုး အစဉ်အလာ မပျက် ပွဲတော် ကျင်းပတာဟာ ရက်စက်ရာကျတယ်လို့ ဝေဖန်နေကြပါတယ်။
တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့ပြင်မှာ ခွေးပေါင်း ၂၀၀ ကျော်ကို ထိန်းသိမ်းထားတဲ့ No Dogs Left Behind အဖွဲ့ တည်ထောင်သူ Jeffrey Beri က “ဒါဟာ လူသားမဆန်မှုနဲ့ ရိုင်းစိုင်းမှုဖြစ်ပါတယ်” လို့ ဆိုပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ သားသတ်ရုံတွေကို စီးနင်းတာနဲ့ ထရပ်ကားတွေကို ကြားဖြတ်ဟန့်တားတာတွေကနေ နှစ်စဉ် ရာနဲ့ချီတဲ့ ခွေးတွေကို ကယ်တင်နိုင်ခဲ့ကြပါတယ်။
သူတို့ရဲ့ အဆိုအရ ကုန်သည်တွေဟာ အိမ်မွေးခွေးနဲ့ လေလွင့် တိရစ္ဆာန်တွေကို ခိုးယူပြီး များသောအားဖြင့် နိုင်ငံရဲ့ တောင်ပိုင်းလို အလွန်ဝေးကွာတဲ့ အရပ်တွေဆီ ပို့ပစ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ ဒေသတော်တော်များများမှာ ခွေးသားကို ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ ယူဆကြပေမယ့် ချမ်းသာကြွယ်ဝတဲ့ မြို့ပြနေထိုင်သူတွေက တိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ရွေးချယ် ထိန်းသိမ်းလာကြတာကြောင့် အဲ့ဒီလို ခွေးသားစားတဲ့ အလေ့အထက တဖြည်းဖြည်း ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။
COVID-19 ရောဂါဟာ ဝူဟန်မြို့က တိရစ္ဆာန်တွေ ရောင်းချတဲ့ ဈေးတခုကနေ ပြန့်ပွားခဲ့ပြီးနောက် ခွေးသားစားတဲ့ အလေ့အထလည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပုံ ရပါတယ်။ ကျန်းမာသန့်ရှင်းမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အပြင် တရုတ်နိုင်ငံရဲ့ နောက်ကြောင်းလိုက်တဲ့ ဥပဒေတွေက တောရိုင်းတိရစ္ဆာန်တွေကို ကုန်သွယ်မှုနဲ့ စားသုံးမှုတို့ကနေ တားမြစ်ထားပါတယ်။
ဒါပေမဲ့ ဥပဒေအရ ခွေးသားစားသုံးမှုကို တားမြစ်ထားတာ မရှိပေမယ့် Yulin မြို့နဲ့ သိပ်မဝေးတဲ့ နိုင်ငံတောင်ပိုင်းက Shenzhen နဲ့ Zhuhai မြို့မှာတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ခွေးသားစားသုံးမှုကို တားမြစ် ကန့်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ တရုတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ခွေးတွေဟာ အဖော်ပြုပေးတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန်တွေ မဟုတ်ကြောင်း ခွဲခြားသတ်မှတ်ပေးခဲ့ပေမယ့် စားသုံးမှုကို ကန့်သတ်ကြောင့် ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
လက်ရှိ ကျင်းပနေတဲ့ Yulin မြို့က ခွေးသားစားပွဲတော်အတွက် ပြင်ဆင်ထားမှုတွေထဲမှာ ဒါဇင်နဲ့ချီတဲ့ တိရစ္ဆာန်လေးတွေကို သေးငယ် ညစ်ပတ်တဲ့ လှောင်အိမ်တွေ၊ အိတ်တွေထဲ ထည့်ထားတာကို မြင်တွေ့ရပါတယ်။
သီတင်းပတ်နဲ့ချီပြီး ကျင်းပမယ့် အဲ့ဒီပွဲတော်မှာ ပါဝင်တဲ့ စားသောက်ဆိုင် အလုပ်သမားတွေရဲ့အဆိုအရ သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစလို့ အလုပ်စတင်ခဲ့ပြီး “Yulin Summer Solstice Festival” (Yulin နွေယာဉ်စွန်းချိန်ပွဲတော်) လို့ နာမည်ပြောင်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တက်ရောက်လာသူ အရေအတွက်တော့ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Weibo မှာ တင်ထားတဲ့ ပို့စ်တွေမှာတော့ ဘေဂျင်းမြို့မှာရှိတဲ့ အစားအသောက် လက်ကားဈေးကနေ COVID-19 ကူးစက်မှု အသစ်တွေရှိခဲ့ပြီးတဲ့နောက် အခုလိုမျိုး ပွဲတော်ကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
COVID-19 ရောဂါကနေ နာလန်ထစ အခြေအနေမှာ အခုလိုမျိုး ပွဲတော် ကျင်းပလိုက်တာဟာ လူထုအနေနဲ့ ခွေးသားစားသုံးမှုနဲ့ အစားအသောက် ဘေးကင်းမှုတွေဆီ လူထုအာရုံ ရောက်သွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ကျန်းမာ သန့်ရှင်းမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် Yulin မြို့က ခွေးသားစားပွဲတော်ကတော့ ဒေသဆိုင်ရာ အစိုးရရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ တည်ဆဲအစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ဥပဒေတွေဟာ ဒေသအများစုမှာ စိုးမိုးမှု မရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပျောက်ဆုံးနေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Ref: hongkongfp
You may also like these stories:
စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆေးကုသမယ့်သူတွေ ထိုင်းသို့ ဝင်ရောက်ခွင့်ပေး
ကိုဗစ်ကာလ ကျောင်းပြန်တက်မယ့် ကလေးတွေကို စိတ်ခွန်အားပေးသင့်
နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်