အမေရိကန်နိုင်ငံပြီးရင် ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ကူးစက်မှုနဲ့ လူသေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အမေရိကန်မှာ လူပေါင်း ၂ သန်းခွဲနီးပါး ရောဂါ ကူးစက်ခံထားရပြီး ၁၂၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာတော့ ကိုဗစ် ကူးစက်ခံနေရသူ ၁ သန်းကျော်ရှိနေပြီး သေဆုံးသူပေါင်း ၅ သောင်းကျော် ရှိသွားခဲ့ပါပြီ။ ဘရာဇီးမှာ COVID-19 ရောဂါ ကူးစက်မှုက ဆက်ပြီး ပြန့်ပွားနေဆဲပါပဲ။ ဇွန်လ ၄ ရက်နေ့ကစပြီး ဘရာဇီးနိုင်ငံမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု နေ့စဉ် တိုးလာခဲ့ပါတယ်။ နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာပြီးနောက်ပိုင်း ကူးစက်သူ အရေအတွက် ၁ သန်းကျော်အထိ ရှိလာခဲ့ပါတယ်။
ကူးစက်မှုနှုန်း မြင့်မားလာခဲ့ပေမယ့် ဘရာဇီးကို Lockdown ချတာမျိုး မရှိခဲ့ဘဲ ပြည်နယ်နဲ့မြို့တွေမှာ စည်းကမ်း သတ်မှတ်ချက်တွေကို ကိုယ်တိုင် သတ်မှတ်ကြပါတယ်။ ဘရာဇီးသမ္မတ Jair Bolsonaro ကလည်း စီးပွားရေးကိုသာ ဦးစားပေး အာရုံစိုက်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဘရာဇီးမှာ COVID-19 ကြောင့် ၂၄ နာရီအတွင်း လူပေါင်း ၆၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၄ နာရီအတွင်း ကူးစက်သူအရေအတွက် ၁၇,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန် မလုပ်ဆောင်နိုင်သေးတဲ့အတွက် ကူးစက်မှု ပမာဏက ပိုမိုများပြားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဘရာဇီးနိုင်ငံ၊ မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Amazonas ၊ Para နဲ့ Ceara ပြည်နယ်တွေမှာ လူပေါင်း ၁၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ် ကူးစက်သူပေါင်း ၁၈၃,၀၀၀ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ပြီး တောင်အမေရိကနဲ့ မြောက်အမေရိကရဲ့ ကူးစက်မှုက ၆၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။
မက္ကဆီကို၊ ပီရူးနဲ့ ချီလီနိုင်ငံတို့မှာလည်း ကူးစက်မှုနှုန်း များပြားနေပြီး အာဂျင်တီးနားနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း လူပေါင်း ၁၀၀၀ သေဆုံးခဲ့ပါတယ်။ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာလည်း ကူးစက်မှု မြင့်မားနေပြီး လူပေါင်း ၂ သန်းကျော် ကူးစက်ခံထားရပါတယ်။
Ref: BBC
You may also like these stories:
အချိန် ၁ လကျော်ကြာ COVID-19 ကူးစက်သူ ထပ်မတွေ့တော့တဲ့ နိုင်ငံများ
COVID-19 ကြောင့် အမေရိကန်မှာ လူ ၁ သိန်းကျော် သေဆုံး