ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်ဟာ သူကိုယ်တိုင် စီစဉ်ကျင်းပခဲ့ပြီး ပါဝင်ခဲ့တဲ့ ခရိုအေးရှားနဲ့ ဆားဘီးယား ပွဲအပြီးမှာ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ ဂျိုကိုဗစ်ဟာ တင်းနစ်လောကမှာ ၄ ယောက်မြောက် ကူးစက်ခံရသူလည်း ဖြစ်ပါတယ်။
ဆားဘီးယားနိုင်ငံမြို့တော် Belgrade မှာ ပထမပွဲ ကစားအပြီးမှာပဲ COVID-19 ကူးစက်ခံရတာကို တွေ့ရှိခဲ့သလို ဇနီးဖြစ်သူမှာပါ ကူးစက်ခံခဲ့ရပါတယ်။ ဂျိုကိုဗစ်ဟာ ယခင်အပတ်က ခရိုအေးရှား Zadar မှာ သွားရောက် ကစားခဲ့ပါတယ်။
“Belgrade ပြန်ရောက်ချင်း ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးကြည့်ရာမှာ ပိုးကူးစက်ကြောင်း တွေ့ခဲ့ရတာပါ။ ကျနော်ရော၊ ကျနော့်ဇနီးရော နှစ်ယောက်လုံး Positive ဖြစ်သွားတယ်။ ကလေးတွေကတော့ Negative အဖြေထွက်ပါတယ်” လို့ ဂျိုကိုဗစ်က ဆိုပါတယ်။
သူကိုယ်တိုင် စီစဉ်ခဲ့တဲ့ပွဲမှာ တနိုင်ငံက ကစားသမားတွေကို နောက်တနိုင်ငံထဲ ဖိတ်ခေါ်ခဲ့တာကြောင့် COVID-19 ကူးစက်အောင် လုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။ နောက်ထပ် တင်းနစ်ကစားသမား ဒီမီထရော့လည်း COVID-19 ကူးစက်ခံရကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
ဒီမီထရော့နဲ့ စနေနေ့က ကစားခဲ့တဲ့ ဗစ်တာ ထရိုအီစကီးနဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်မှာပါ COVID-19 ကူးစက်ခံရတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံလုံးမှာ ကျင်းပခဲ့တဲ့ ပွဲတွေမှာ Social distancing ကို လိုက်နာဆောင်ရွက်ခဲ့တာမျိုး မတွေ့ရဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
“ကျနော်တို့ လုပ်ခဲ့တဲ့ ပွဲစဉ်တွေက တကယ့်ကို စိတ်နှလုံးသန့်သန့် ရည်ရွက်ချက် ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တာပါ။ ဒီပွဲစဉ်တွေရဲ့ ရည်ရွယ်ချက်ကိုက စည်းလုံးမှုရှိဖို့နဲ့ ကြင်နာမှု၊ မေတ္တာတရားတွေကို မျှဝေပေးဖို့ပါပဲ” လို့ ဂျိုကိုဗစ်က တင်းနစ်ပွဲ ကျင်းပရခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပြသွားပါတယ်။
ဂျိုကိုဗစ်ဟာ ခရီးသွားဖို့အတွက် မဖြစ်မနေ သတ်မှတ်ချက်အရ ဗိုင်းရပ်စ်ကာကွယ်ဆေး သောက်ရမယ်ဆိုရင်တောင် မသောက်ဘူးလို့ ပြောခဲ့ပြီးနောက်မှာ ဆားဘီးယားမြို့တော်ကနေ Zadar ဆီကို အပြန်အလှန် ကစားရမယ့် Adria Tour ပြိုင်ပွဲအတွင်း ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတာပါ။
ခရိုအေးရှားက နောက်ဆုံးပြိုင်ပွဲ ပျက်သွားပြီးနောက် ဆားဘီးယားသို့ ပြန်အလာမှာ ကူးစက်ကြောင်း တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ဂျိုကိုဗစ်မှာ ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာတွေ မပြခဲ့ဘူးလို့ ဆိုပါတယ်။
တင်းနစ်ကစားသမား ဂျိုကိုဗစ်ကတော့ သူစီစဉ်ခဲ့တဲ့ ပြိုင်ပွဲနဲ့ ပတ်သက်လို့ လိုအပ်နေတဲ့သူတွေကို ကူညီနိုင်ဖို့ ရန်ပုံငွေ ရှာပေးမယ့်ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး လူတိုင်းကလည်း အားပေးခဲ့ကြကြောင်း၊ ရောဂါကူးစက်မှု အခြေအနေ လျော့နည်းသွားပြီလို့ ယူဆခဲ့လို့ စီစဉ်ခဲ့တာပါဆိုပြီး တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
လတ်တလောမှာတော့ ဂျိုကိုဗစ်ဟာ တကိုယ်တည်းသီးခြား ၁၄ ရက် နေထိုင်သွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ တခြား ကူးစက်ခံခဲ့ရတဲ့ ကစားသမားတွေကိုလည်း တောင်းပန်တဲ့အကြောင်း ပြောပြသွားခဲ့ပါတယ်။
Ref: The Times of Israel
You may also like these stories:
ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ
ကမ္ဘောဒီးယားကို လာရောက်သူများ အာမခံကြေး ဒေါ်လာ ၃၀၀၀ ပေးရမည်
ကိုဗစ်ကာလ မပြီးသေးပေမယ့် တရုတ်မှာ ခွေးသားစားပွဲတော် ကျင်းပနေ